ပဋိပက္ခတောင်ပံအခတ်မှာပျက်ကျသွားသောနေကို
တတိယအကြိမ်တွေ့ ရှိခိုက်ရေးသောကဗျာ
သဘာဝတရားရဲ့ရာဇဝင်မှာ
တတ်ယောင်ကားရာဇဝင်ဆရာတွေ
လုပ်ကြံထည့်သွင်းထားတဲ့
မာယာတွေနဲ့ ပြည့်လျှံ ဆူပွက်လျက်
လေထုစိုထိုင်းဆကို ထိန်းညှိပါ
အဖူးအငုံလဲပန်း
အပွင့်လဲပန်း
အနွမ်းလဲပန်း
ပန်းချင်းအတူတူ
ခွဲခြားဆက်ဆံတတ်တဲ့
လူသဘာဝကို
နေရာရွှေဖို့ရာ တော်လှန်ဖို့ရာ
ဘာသာတရားတွေလိုအပ်လာခဲ့တာ
နောင်လဲအမြဲလိုအပ်နေအုံးမှာပါ
အစွန်းတစ်ဘက်နှင့် အခြားအစွန်းတစ်ဘက်
ကြားက မျှချိန်ကိုရှာပါ
မျှတစွာရပ်တည်မှု၌ ရပ်တည်သော အလှသည်သာ
လောကအလှ လူ့အလှ
အစိုးမရခြင်းများအစိုးရခြင်း ဟူသော
သဘာဝဖြစ်အင်ကို
မာယာလို့သတ်မှတ်မဲ့အစား
အမှန်တရားဟုခေါ်ပါ
စမ်းတဝါးဝါးနိယာမတွေနဲ့
လမ်းဆုံးနေတာတွေ
အဆုံးသတ်ဖို့ သင့်တာကြာခဲ့ပြီ
ဒါပေမဲ့ အခုစလဲနောက်မကျသေး
အပြောကျယ်သလောက်
အပြောခံနေရတဲ့
သဘာဝအမှန်တရားကို
ကာကွယ်ဖို့ရာ
ကဗျာ စာပေ ဂီတ ပန်းချီ
စသည် စသည် အနုပညာသမားတို့ရဲ့တာဝန်
တနည်း
ခင်ဗျားတို့ရဲ့ တာဝန်
ကျွန်တော့်တာဝန်
Chocobo