.'.'.'CHO



".'.'.'CHO"


နိဒါန်း

နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ
နှင်းမြူတို့ပွင့်ဝေစဉ်
ရင်​မှု အနုပညာ​တွေသီးပွင့်​လာခဲ့တယ်

မိုးတစ်​ရာရဲ့ကမ်း​ခြေမှာ
လှော်​တက်​မပါတဲ့​လှေတစ်​စီးနဲ့
ရွာလည်​​နေတုန်းက​တော့
အဆင်​​ပြေသလိုရှိခဲ့ပါရဲ့

ဆောင်း​တစ်​ရာရဲ့ မနက်​ဦး​တွေမှာ
နှင်း​ခေါင်​တော့မှပဲ
တစ်​ရာမပြည့်​ခင်​ သက္ကရာဇ်​​ကြွေ ခဲ့ရပြီ​ပေါ့
ငါ့ရဲ့...
မ​ပြောင်းလဲတဲ့သံစဉ်​​မ​လေးရေ...

၂
ဇာတ်​ကြောင်းပြန်

ဂျူလိုင်​ ၆ ၂၀၁၅..
အဲဒီမတိုင်​ခင်​က
ငါ့ကောင်းကင်​ဘုံမှာအုံဇုံးလွှာမေ​ပေါက်​​သေးပါ
ငါ့ဝန်းကျင်​​လေထုဟာ ​အောက်​ဆီဂျင်​မငတ်​​သေးပါ
ငါရဲ့​မြေကြီးကလဲ ပထဝီဓာတ်​မချို့်တဲ့​သေးပါ
နှလုံးသားသည်​ ရံခါရံဖန်
ဆာ​လောင်​ခြင်းတချို့ရှိ​သော်​လည်း
ငတ်​မွတ်​ခြင်းဆီ​တော့မ​ရောက်​​သေးပါ
ငါ​ကောင်းကင်​မှာပွင့်​တဲ့ပန်း​တွေထဲ
အထီးကျန်​ခြင်းဟာ
ငါ့အနှစ်​ခြိုက်​ဆုံးပန်းတစ်​ပွင့်​ဖြစ်​ခဲ့တယ်
မြစ်​တို့၏ မာယာဆိုတာ
ရေအလျဉ်​တစ်​ခုဆိုတာထက်​ပိုမသိခဲ့
ကျောက်​​စောင်းထက်​ ​ရေ​စောင်းထက်​​သော
ပြဇာတ်​တစ်​ပုဒ်​မှာ
ပါဝင်​ကပြမိတဲ့အချိန်​ထိ​ပေါ့
ငါ့ဝင်​ရိုးစွန်း​မ​လေးရေ...

ဂျူလိုင်​ ၆ ၂၀၁၅
ရှောင်​လွဲမရနိုင်​တဲ့ကံကြမ္မာဟာ
နိုးလျက်​မက်​​သော ခရမ်းပြာ​ရောင်​အိမ်​မက်​ကိုဝတ်​ဆင်​ပြီး 
ကယ်​တင်​ခြင်းဆိုတဲ့အမည်​နဲ့​ရောက်​လာ​တယ်
ရေခဲ​တောင်​ကြာပွင့်​ကိုက်​ပြီး​မွေးလာတဲ့ငါဟာ
မီး​တောင်​မ​သေမရှင်​ထဲပစ်​ချလိုက်​သလိုနည်း​မျိုးနဲ့
ကယ်​တင်​ခြင်းခံလိုက်​ရတယ်
အလွန်​အမင်းရယ်​​မော​ပျော်​ရွှင်​ရခြင်းဟာ
မျက်​ရည်​မိုးအတွက်
ငွေရည်​ဖြွဲ့ခင်းဖြစ်​​ကြောင်း
ငါဖတ်​ဖူးတဲ့စာ​တွေရဲ့သတိ​ပေးချက်​ကို
လျစ်​လျူမိခဲ့တဲ့အတွက်
နောင်​တမရမှာ​တော့​သေချာတယ်
ငါလဲ....လူလုပ်​ချင်​​သေးတယ်​လေ
ငါ့ဝင်​ရိုးစွန်းမ​လေး​ရေ...


ဩဂတ်​စ်​ ၂ ၂၀၁၅
ငါ့ရဲ့​ပေါက်​ကရ​ကောင်​မ​လေး​ရေ..
အဲဒီ​နေ့ဟာ
#ငါ....လူဖြစ်​ပြီ ဆိုတဲ့ ကဗျာကို
မင်းဖန်​ဆင်း​ပေးတဲ့ကောင်းကင်​မှာ
နှလုံး​သွေးနဲ့​ရေးထိုးခွင့်​ရခဲ့တဲ့​နေ့
ငါဟာငါမဟုတ်​​တော့ပဲ
ဒြပ်​စင်​ဘဝက​နေ ဒြပ်​​ပေါင်းဖြစ်​သွားတဲ့​နေ့
မင်း​ပေးတဲ့ မင်းရဲ့ချစ်​သူဆိုတဲ့ဘွဲ့ကို
ထိုက်​ထိုက်​တန်​တန်​ ရရှိခဲ့တဲ့​နေ့
တစိ​ထောင့်​တစ်​ညပုံပြင်​​တွေရဲ့
နောက်​ဆက်​တွဲပုံပြင်​​တွေ
စတင်​အသက်​ဝင်​လာတဲ့​နေ့....
အဲဒီ​နေ့မှာ
 #.'.'.'CHO ကို မျိုး​စေ့ချခဲ့တာလဲ
များစွာ​သောမ​မေ့နိုင်​စရာ​တွေထဲကတစ်​ခုပါ
ဘာပြဲဖစ်​ဖြစ်
အလှမ်းကွာခြင်းဟာ
တစ်​သားတည်းဖြစ်​တည်​မှုကို
ဟန်ုတားနိုင်​စွမ်းမရှိ​ကြောင်း
သက်​​သေပြနိုင်​ခဲ့တာ တစ်ခုတည်းနဲ့တင်
တစ်​မှုန်​စီလွင့်​​ကြွေရကျိုးနပ်​ပါတယ်

ဖွင့်​လိုက်​တဲ့ဟင်း​လင်းပြင်​မှာ
အစိုဓာတ်​​တွေ ​မြေမခခင်​တုန်းက
ကဗျာဆိုတာ လက်​ဖျားမှာစကားလုံးသီး​နေခဲ့တာပါ
ရှင်သန်​ခြင်း​ရော ​သေဆုံးခြင်းပါ ချုပ်​ငြိမ်းရာကို
Nowhere လို့​ခေါ်ရင်
ရှင်​မရ ​သေမရ အဖြစ်​ကို​ရော ဘယ်​လို​ခေါ်ကြမလဲ
မင်း​တေးထားပြီးမ​မေးဖြစ်​ခဲ့တဲ့
#Universe ထဲဘာသွားလုပ်​သလဲ ဆိုတဲ့​မေးခွန်း
အခု​ဖြေပါရ​စေ
ငါသည်​ပင်​လျင်​ Universe တစ်​ခုဖြစ်​ကြောင်း
အတည်​ပြုချက်​ သွားယူတာပါ
တကယ်​ဆို...
မင်းလဲစကြာဝဠာ ငါလဲစကြာဝဠာ
တနည်း...
မင်းဟာလဲငါ့ရဲ့စကြာဝဠာ
ငါဟာလဲမင်း​ရဲ့စကြာဝဠာ..


Friday Night

အော်​ဂတ်​စ်​ ၈ ၂၀၁၅
အဲဒီညမှာ
ဟင်းလင်း​​​ပွင့်​သွားတဲ့ ​ကောင်း​ကင်​မှ
နတ်​သမီးတစ်​ပါး
ငါ့ရဲ့ခရမ်းပြာ​ရောင်​အိပ်​မက်​ထဲ
လှပစွာပျံဝဲခုန်​ဆင်းးလာခဲ့တယ်
အာသာပြင်းပြင်း စပ်​ထားတဲ့ 
ကော့​တေးခွက်​ရဲ့ နှုတ်​ခမ်းကို​တေ့ပြီး
တကျိုက်​စုပ်​လိုက်​တယ်
ငါအ​သောက်​ခံလိုက်​ရပြီဆိုတာ
ချက်​ချင်းသိလိုက်​​ပေမယ့်​ 
ရီ​ဝေတိမ်းမူးမှုထဲ​ခေါင်းမ​ဖေါ်နိုင်​​အောင်​နစ်​မြုပ်သွားခဲ့ရတယ်
ငါ့နာမည်​ကို​ရေးထိုးထားတဲ့
တက်​တူရဲ့ဖမ်းစားခြင်းကို
အားအင်​အပြည့်​နဲ့ တုန်​ရီ​​မောဟိုက်​နေတဲ့ နှလုံးသားက
ခုခံနိုင်​စွမ်းမရှိခဲ့
ခုခံလိုစိတ်​လဲမရှိခဲ့
ပိန်းပိတ်​​နေတဲ့အ​မှောင်​ထုထဲ
#LivingInSin ​တေးသွားကိုစလွယ်​သိုင်း
နတ်​သမီးနဲ့အတူခုန်​ချလိုက်​တယ်
တဖျင်းဖျင်းမြည်​​နေတဲ့​အာရုံ​ကြောတွေရဲ့အသံဟာ
တိတ်​ဆိတ်​တဲ့ညကို ​ဖောက်​ထွင်းပြီး
ဒီဂရီမြင့်​သထက်မြင့်​​တက်​လာတယ်
အသက်​ရှုသံနှစ်​ခု​ရော​ထွေး တစ်​သားတည်းဖြစ်​သွားပြီး
နောက်​​ဆုံးလက်​ကနဲမီးပွင့်​သွားတယ်
ဒါဟာ
အခမ်းနားဆုံး ဖွင့်​​ဖောက်​ဖတ်​ဖူးတဲ့ကဗျာတစ်​ပုဒ်​ပါ....


အချစ်​ဆိုတာ....

ရှင်​သန်​ခြင်း​နဲ့ ​မရဏတရားကိုဆက်​သွယ်​​ပေးရာ
လူနှစ်​ဦး​လျောက်​သာရုံအကျယ်​ရှိ
လက်​ရမ်းမဲ့​ကြိုးတံတားတစ်​ခု ...

ရှေ့အသိနှင့်​ ​နောက်​အသိတို့
စစ်​ခင်းရာ
စစ်​တလင်းမှာ ပွင့်​တဲ့ ​တောင်​ဇလပ်​ပန်း...

ရာဇဝင်​အ​စောင်​​စောင်ရဲ့ နံရံမှာ
မှုန်း​ခြယ်​ထားတဲ့
ကာရံမဲ့အသက်​ဝိညာည်....

မှော်​ရုံ​တောထဲက
ပြေးသူနှင့်​ လိုက်​သူမကွဲပြားတဲ့
အမဲလိုက်​ခန်း....

တရားလို သို့မဟုတ်​ တရားခံတစ်​ဦးဦးက
တရားသူကြီးဖြစ်​​နေတတ်​တဲ့
တရားရုံး....

ခေါင်းတခြားပန်းတခြားဖြစ်​​နေတဲ့
ဒင်္ဂါးတစ်​စရဲ့
သံစဉ်​ရှာ​ဖွေခြင်း...

တချို့လူ​တွေအတွက်
ကမ်းကခွါပြီးကုန်းပေါ်တက်​လိုက်​တာနဲ့
အလိုအ​လျောက်​​ဖောင်​ဖျက်​ပြီးသားဖြစ်​သွားတဲ့
ကမ်းတက်​စစ်​ဆင်​​ရေး...

ဆေးဖက်​ဝင်​အိပ်​မက်​​တွေနဲ့
ယက်​လုပ်​ထားတဲ့
ဒီ​​ရေတက်​ချိန်ကျချိန်​ပုံမှန်မရှိတဲ့ ​ယမကာ...

ငလျင်​​တွေ မုန်​တိုင်း​တွေနဲ့အတူ
ကိန်းသေ​တွေရှင်​သန်​လှုပ်​ရှား​နေတဲ့
ညီမျှခြင်း

ဘာသာစကားအ​ပေါ်အယုံအကြည်​ကင်းမဲ့ခြင်းနဲ့
စိတ်​ကူးအိပ်​မက်များ စကားလုံးမဲ့ခြင်းတို့ရဲ့
ဝိ​ရောဓိ

ရေခဲမြစ်​ထဲ
ဝိုင်​ယာ​လျော့တိုက်​ ငါးရှာ​တဲ့
ရေမုဆိုးရဲ့ ​တောက်​​ခေါက်​သံ

အလျင် နဲ့ အဟုန်​ မကွဲပြားတဲ့
ဆွဲအားမဲ့ ​လေဟာနယ်​ရပ်​ဝန်းက
ရူပ​ဗေဒ

ခေါက်​ချိုးညီမျဉ်းရဲ့ တစ်​ဘက်​တစ်​ချက်က
တူမျှရန်​ခက်​ခက်​​သော
ဧရိယာ နှစ်​ခု

ရင်​တုန်​လှိုက်​​မောဖွယ်​​လဲ​ကောင်း
ကြောက်​မက်​ဖွယ်​လဲ​ကောင်းတဲ့
ခြားနားမှုရဲ့ နှာ​ခြေသံ

ဘယ်​​ဆေးမှမမှီတဲ့အဆိပ်နဲ့
ဘယ်​အဆိပ်​မှမမှီတဲ့​ဆေးတို့ရဲ့
ဒြပ်​​ပေါင်း

လက်​​ဖျစ်​တစ်​တွတ်​ နဲ့ တစ်​ကမ္ဘာကို
ထပ်​တူညီ ညီမျှခြင်းဖြစ်​​အောင်
ဖြည်းစွမ်း​ပေးနိုင်​တဲ့ ကိန်း​သေ အရှင်



ကျေးဇူးပါ

ငါ့ဝင်​ရိုးစွန်း​မ​လေးရေ....
အသိုက်​နဲ့ဓာတ်​မတဲ့
ငါလိုငှက်​တစ်​​ကောင်​ကို
အိပ်​တန်း​တက်​တတ်​​အောင်
သင်​ပြ​ပေးခဲ့တာ ​ကျေးဇူးတင်​တယ်​ ....

ပြိုင်​မျဉ်းနှစ်​​ကြောင်းရဲ့ဆုံမှတ်​ရှိရာ
Infinity ​ရောက်​သည်​အထိ
မိန်းမိန်​မူးမူး
အတူရွှက်​လွှင့်​ခဲ့ရတဲ့ကာလ​တွေအတွက်
ကျေးဇူးတင်​တယ်​ ...

ပိုင်​ဆိုင်​ခွင့်​ရခဲ့ဖူး​တဲ့ အကြင်​နာ​တွေကို
ငါ့ကဗျာ​တွေထဲ သိုမှီးသိမ်းဆည်းထားခဲ့ခွင့်​ရခဲ့တဲ့အတွက်
ကျေးဇူးတင်​တယ်​ ...

ငါ့လွမ်းခင်းထဲ ထင်​ကျန်​ခဲ့တဲ့
မင်းရဲ့​ခြေရာလက်​ရာ​တွေ မင်းပြန်​ဖျက်​ဖို့ကြိုးစား​ခဲ့ပေမယ့်
ချန်​ထား​ပေးခဲ့တဲ့ ဖျက်​ရာ​တွေအတွက်
ကျေးဇူးတင်​တယ်

ဒဏ်​ရာ နာကျင်​မှု​တွေကို
အလိုရှိသ​ရွေ့
ခံစားစံစားတတ်​​အောင်
သင်​ပြ​ပေးခဲ့တဲ့အတွက်​​ကျေးဇူးတင်​တယ်

အဆင်းလမ်းမရှိတဲ့
ဝေဒနာရဲ့အထွဋ်​အထိပ်​ကို
တုပ်​​နှောင်​ပို့​ဆောင်​ပြီးမှ
ဝဋ်​ရှိသ​ရွေ့ခံ​ပေ​ရော့လို့
နှောင်​ကြိုးဖြတ်​ချထားခဲ့တဲ့အတွက်
ကျေးဇူးတင်​တယ်

တောင်​ရိုး​ပေါ်က
ခရုခွံ​လေး​တွေရဲ့
ပင်​လယ်​​အော်​သံဟာ
ငါ့ကို ​လှောင်​​ပြောင်​ရယ်​​မောတဲ့အသံဖြစ်​​ကြောင်း
ကန္တာရထဲ​ကျောက်​ချထားတဲ့
နေမှုန်​​တွေကငါကို​ပြောပြကြတယ်
ကန္တာရထဲ​ကျောက်​ချထားတဲ့​နေမှုန်​​တွေရဲ့
လင်းလက်​မှုဟာ
ငါကို​​လောင်​မြိုက်​​စေဖို့ဖြစ်​​ကြောင်း
တောင်​ရိုး​ပေါ်က ခရုခွံ​လေး​တွေက ငါ့ကို​ပြောပြကြတယ်
ဘယ်​သူ့စကားကိုငါယုံကြည်​ရမလဲ...
...


နိဂုံး

ငါ့ရဲ့ ဒမ်​မီမိုးမ​လေး​ရေ....

ဂျန်​နန်​ဝါရီ ၁၇ ၂၀၁၆
အဆုပ်​လိုက်​အခဲလိုက် ရွက်​လွင့်​​နေတဲ့
တိမ်​တပ်​​တွေမှာ
လျပ်​စီးလက်​နက်​​တွေ တပ်​ဆင်​ထား​ကြောင်း
နှောင်းမိုးရဲ့​ပြောကြားချက်​ကို
ငါမယုံခဲ့မိ
အဂ္ဂိရတ်​ဆရာရဲ့ ဓာတ်​​ပေါင်းဖိုထဲက​နေ
ပြသဒါးက ငါ့ကိုမျက်​​မှောင်ကြုတ်​ပြီးကြည့်​တယ်
ကော်​ပတ်​အကြမ်းနဲ့တိုက်​ထားတဲ့
ကော်​ဖီတစ်​ခွက်​ထဲ
ဆေးပြင်းလိပ်​ပြာ​တွေ ပြုတ်​ကျပြီး
ကမ်း​မမြင်​ပေမယ့်​ ​ရေပြင်​ရှိသမျှကို
လမ်းလို့တွက်​ယူရမယ့်​ပုစ္ဆာတစ်​ပုဒ်
လျပ်​စီးလက်​သွားခဲ့ရတယ်

မောင်း​ထောင်းသံ ဟာ
တစ်​ဆင့်​စကား တစ်​ဆင့်​နားနဲ့
ဗုံကြီးသံဖြစ်​သွားရတာကို အ​ကြောင်းပြုပြီး
ဂစ်​တာနဲ့ ဒုံမင်းတို့ အငြင်းအခုံဖြစ်​ကြတဲ့ပွဲမှာ
ကြိုးအများကြီးထိန်​သိမ်းရတဲ့ဒုံမင်းက
စစ်​ရှုံးသွားခဲ့တယ်
ကြိုးညှိရင်းက
တ​ထောင်းထောင်း​ ပြတ်​ထွက်​ကုန်​တာ​​ကြောင့်
မတိုက်​လိုက်​ပဲရှုံးသွားတဲ့စစ်​ပွဲလို့လဲ​ပြောလို့ရတယ်
အ​ရှုံးဘက်​မှာပါရမီရင့်​သန်​မှုနိမိတ်​ပုံ ဟာ
ငါ့ရဲ့ဂီတဖြစ်​​ကြောင်း
ပရိတ်​သတ်​ရဲ့​တစ်​ခဲနက်​ဩဘာ​ပေးသံကိုလဲ
ကြားနိုင်​ပါတယ်

ငါ့ရဲ့ FF VIII ဂိမ်းမ​လေး​ရေ....
ဖြေ​လျော့ခဲ့ဖူးတဲ့ဆံနွယ်​​တွေ
အခြားတစ်​​ယောက်​ ​မေးတင်​​နေ​ရော့မလားဆိုတဲ့အ​တွေးမှာ
ငါအခါခါ​သေတယ်
အ​ရောင်​စုံအ​သွေးစုံ ခမ်းနားလွန်​ အမှတ်​တရ​တွေက
ကု​ဋေကုဋာမကများပြားလွန်းခဲ့
ငါ့​ကောင်းကင်​မှာ
နေ လ ကြယ်​ နဲ့ တိမ်​တို့
မှားယွင်းပွင့်​​ဝေတဲ့ဖြစ်​ရပ်​အတွက်
ငါ့မှာသာအဓိကတာဝန်​ရှိပါတယ်
မင်းရဲ့​ကောင်းကင်​နဲ့ ငါ့ရဲ့​ကောင်းကင်
တစ်​ခုတည်း​မဖြစ်​နိုင်​တော့တဲ့ အ​ခြေအ​နေမှာ
ငါ့​ကောင်းကင်​ကိုပင်​လယ်​ထဲလွှင့်​ပစ်​ပြီး
မင်း​ကောင်းကင်​နဲ့ပဲ
ရှင်​သန်​သွားချင်​တာ
ငါ့ရဲ့​နောက်​ဆုံးဆန္ဒပါ

စောင်းငဲ့မကြည့်​ပါနဲ့
အ​နောက်​တည့်​တည့်​လှည့်​မကြည့်​နိုင်​ရင်
ကျောသာခိုင်းထားလိုက်​ပါ
မင်းအ​ကြောင်း​ရေးတဲ့ငါ့ကဗျာ​တွေဟာ
မင်းရဲ့​ကျောဘက်​မှာလား ရင်​ဘက်​မှာလားဆိုတာ
မ​ပြောပဲနှစ်​​ယောက်​သား​ နားလည်​​နေခဲ့ပြီးသားပဲ​လေ
ငါ့ရဲ့​ပေါက်​ကရ​ကောင်​မ​လေး​ရေ ...
ငါ့ရဲ့ ဒမ်​မီမိုး​မ​လေးရေ...
ငါ့ရဲ့ မ​ပြောင်းလဲတဲ့သံစဉ်​မ​လေး​ရေ...
ငါ့ရဲ့ FF VIII ဂိမ်းမ​လေး​ရေ....
ငါ့ရဲ့ဝင်​ရိုးစွန်းမ​လေး​ရေ...
ငါ့ရဲ့!!!!!!!!... .... ....
ငါ့ရဲ့ !!!!!! !!!!! !!!! !!! !! ! . .

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...