လွမ်းခင်းထဲက ငါ
( လွင့်ရိပ် ခံစားသည် )
ဒီညချမ်းအေးလွန်းလှသည်။ ခိုက်ခိုက်တုန်နေသော နှုတ်ခမ်းတစ်စုံ သက်သာရန် အလိုငှာ လရောင်ကို လှုံစေချင်မိသည်။ဒီည ကြယ်တွေဘယ်စီ ခရီးထွက်သွားပါသလဲ။မိုးကုတ်စက်ဝိုင်းအနှံ့ ခြေဆန့်နေသော မုတ်သုန်အားတွေ့လျှင် ဖေးမကူညီကြ စေလိုပါသည်။သူ၏ကျောပေါ်၌ အလွမ်းများအား လေးလံစွာထမ်းပိုးထားသောကြောင့် ဖြစ်သည်။
တွဲဆက်ထားသော လက်တစ်စုံကို ဘယ်အရာက ကွဲကွာစေခဲ့ပါသလဲ။အတိတ်မှ အရာရာသည် ပြီးဆုံးသွားသော ဇတ်လမ်းတစ်ပုဒ် မဟုတ်ပါ။ ထို့ကြောင့် ကတိပေးမထားသိတိုင် သူပြန်လာမည့် အချိန်ကို ကျွန်တော်စောင့်မိဆဲ ဖြစ်သည်။ ကြည်နူးချိန်တွေသာ ပြန်ရနိုင်မည်ဆို အခုချိန်၌ မည်မျှလွမ်းရပါစေ တန်ပါသည်။
#မုတ်သုန်ဦးပွင့်လန်းစဉ်ကလို
ခံစားမှုမျိုးအတွက်ပေးဆပ်ခဲ့ရတာ တန်တယ်
ဝမ်းနည်းနေချိန်တောင် သိမ်သိမ်မွေ့မွေ့ ပြုံးတတ်အောင် ဟန်ဆောင်ကောင်းတုန်းလား။ သိချင်မိသည်။ အမြဲနူးညံ့နေသော သူမမှာ ဝမ်းနည်းမှုတွေ ဆက်လက်ဖြစ်ထွန်းနေတုန်းလား။ သိချင်မိသည်။ အဖြေမရှိသော မေးခွန်းနှင့် ကျွန်တော် လမ်းပျောက်စဲ ဖြစ်ကြောင်း သူမအား စကားစပ်၍သွားမပြောကြပါနှင့်။ သိမ်မွေ့စွာသော မျက်ရေများထပ်၍ကြွေမှာစိုးသည်။
ရိုးပျက်တောထဲ ပြန့်ကျဲနေသော အမှတ်တရများအား တစ်စစီ လိုက်စုနေမိသည်။ ဝဲဘက်ရင်အုံအတွင်းက နှလုံးသားမြေဆွေးတွေပေါ်မှာ သတိရခြင်းတွေ စတင်ပေါက်ရောက် နေပါပြီ။ မကြာခင် လယ်ကွင်းတစ်ခုလုံး အလွမ်းတို့ ဖွေးတော့မည်။ မျက်ရည်မိုးသည် ရာသီမရွေး စွေ,စွေနိုင်လွန်းသည်။
#မျက်ရည်တွေနဲ့ လှပနေတဲ့ ပြုံးမျက်ဝန်း
အရမ်းကို နူးညံ့ သိမ်မွေ့လျှက်
#အလွမ်းတစ်ကျီစာ ပျိုးထားတာလဲ
စိုက်ခင်းထဲပြောင်းစိုက်ရဦးမယ်
#မြေသြဇာအတွက်
မျက်ရည်တွေ အလုံအလောက် ရှိပြီးသားပဲ
ပိတ်လိုက်သော ဒိုင်ယာရီထဲမှာ သူမအကြောင်းတွေ တခမ်းတနား ပါဝင်မြဲဖြစ်သည်။ နင်နှစ်သက်ဖူးသော ဥသြရဲ့လွမ်းတေးဟာ သာယာတာ သေချာပါရဲ့လား။ တူနဲ့အထုခံရတဲ့ ပတ္တလားသံဟာ သာယာတာ သေချာပါရဲ့လား။ အခါလွန်မိုး တစ်စက်နှစ်စက်နဲ့ အလွမ်းမီး မငြိမ်းနိုင်တာတော့ သေချာလွန်းခဲ့ပြီ။
ဘဝတစ်ခုလုံး ဆက်လက်ရွက်မလွှင့်နိုင်အောင် အလွမ်းက မြဲမြံလွန်းလှသည်။စောင့်ရကြာခဲ့ပြီ။ ရထားကား မျှော်လင့်ထားသလောက် မမြန်ဆန်ခဲ့ပါ။
မကြာတော့ပါဘူးဆိုတဲ့ နေရာမှာ သူ့စကားသံလေးဟာ အခါခါတိမ်ဝင်သွားခဲ့ရသည်။ဖြစ်နိုင်လျှင် ချစ်သူကို ပွေ့ဖက်ချင်သည်။ အားပေးချင်သည်။ ဆုံနိုင်ခွင့် သည်သာလျှင် တစ်ခုတည်းသော ပျော်ရွှင်စရာ မျှော်လင့်ချက်မဟုတ်ပါလား။
#နှစ်ကိုယ်ဆုံတွေ့ခွင့်ရမဲ့
ရိတ်သိမ်းရာသီအတွက်
တံဇဉ် မြမြ
သွေးထားကြစို့လား ချစ်သူ။
ရနိုင်မည်ဆိုလျှင် နောက်ပြန်လည်သော နာရီတစ်လုံး သို့မဟုတ် မြန်မြန်သွားသော နာရီတစ်လုံး လိုချင်မိသည်။ ဘုရားရှေ့က ဖိနပ်ကလေးလဲ အဖော်မဲ့ လွန်းလှပြီ။ ကြယ်ရောက် လကလက်အောက် နှစ်ယောက်အတူ ရှိချင်လာပြီ။ မင်းရင်ခွင်မှာ အိပ်စက် နားခိုချင်လှပြီ။အချိန်မည်မျှ စောင့်ရဦးမည်နည်း။ မသိပါ။ မသေချာပါ။ သို့သော် သူမနှင့် ပြန်တွေ့သောအခါ အချိုသာဆုံးပြုံးပြရန် ပြင်ဆင်ထားမြဲဖြစ်သည်။
လွင့်(ရိပ်)
ကဗျာ-လွမ်းခင်း/ချိုကိုဘို
No comments:
Post a Comment