".'.'.'CHO"
( New Version.FEB 2016 )
၁
နိဒါန်း
နွေတစ်ရာကိုမြုပ်နှံရာ သင်္ချုင်းမြေရဲ့ပရဝုဏ်မှာ
နှင်းမြူတို့ပွင့်ဝေစဉ်
ရင်မှု အနုပညာတွေသီးပွင့်လာခဲ့တယ်
မိုးတစ်ရာရဲ့ကမ်းခြေမှာ
လှော်တက်မပါတဲ့လှေတစ်စီးနဲ့
ရွာလည်နေတုန်းကတော့
အဆင်ပြေသလိုရှိခဲ့ပါရဲ့
ဆောင်းတစ်ရာရဲ့ မနက်ဦးတွေမှာ
နှင်းခေါင်တော့မှပဲ
တစ်ရာမပြည့်ခင် သက္ကရာဇ်ကြွေ ခဲ့ရပြီပေါ့
ငါ့ရဲ့...
မပြောင်းလဲတဲ့သံစဉ်မလေးရေ...
၂
ဇာတ်ကြောင်းပြန်
ဂျူလိုင် ၆ ၂၀၁၅..
အဲဒီမတိုင်ခင်က
ငါ့ကောင်းကင်ဘုံမှာအုံဇုံးလွှာမပေါက်သေးပါ
ငါ့ဝန်းကျင်လေထုဟာ အောက်ဆီဂျင်မငတ်သေးပါ
ငါရဲ့မြေကြီးကလဲ ပထဝီဓာတ်မချို့် တဲ့သေးပါ
နှလုံးသားသည် ရံခါရံဖန်
ဆာလောင်ခြင်းတချို့ရှိသော်လည်း
ငတ်မွတ်ခြင်းဆီတော့မရောက်သေးပါ
ငါကောင်းကင်မှာပွင့်တဲ့ပန်းတွေထဲ
အထီးကျန်ခြင်းဟာ
ငါ့အနှစ်ခြိုက်ဆုံးပန်းတစ်ပွင့်ဖြစ်ခဲ့တယ်
မြစ်တို့၏ မာယာဆိုတာ
ရေအလျဉ်တစ်ခုဆိုတာထက်ပိုမသိခဲ့
ကျောက်စောင်းထက် ရေစောင်းထက်သော
ပြဇာတ်တစ်ပုဒ်မှာ
ပါဝင်ကပြမိတဲ့အချိန်ထိပေါ့
ငါ့ဝင်ရိုးစွန်းမလေးရေ...
ဂျူလိုင် ၆ ၂၀၁၅
ရှောင်လွဲမရနိုင်တဲ့ကံကြမ္မာဟာ
နိုးလျက်မက်သော ခရမ်းပြာရောင်အိမ်မက်ကိုဝတ်ဆင်ပြီး
ကယ်တင်ခြင်းဆိုတဲ့အမည်နဲ့ရောက်လာတယ်
ရေခဲတောင်ကြာပွင့်ကိုက်ပြီးမွေးလာတဲ့ငါဟာ
မီးတောင်မသေမရှင်ထဲပစ်ချလိုက်သလိုနည်းမျိုးနဲ့
ကယ်တင်ခြင်းခံလိုက်ရတယ်
အလွန်အမင်းရယ်မောပျော်ရွှင်ရခြင်းဟာ
မျက်ရည်မိုးအတွက်
ငွေရည်ဖြွဲ့ခင်းဖြစ်ကြောင်း
ငါဖတ်ဖူးတဲ့စာတွေရဲ့သတိပေးချက်ကို
လျစ်လျူမိခဲ့တဲ့အတွက်
နောင်တမရမှာတော့သေချာတယ်
ငါလဲ....လူလုပ်ချင်သေးတယ်လေ
ငါ့ဝင်ရိုးစွန်းမလေးရေ...
၃
ဩဂတ်စ် ၂ ၂၀၁၅
ငါ့ရဲ့ပေါက်ကရကောင်မလေးရေ..
အဲဒီနေ့ဟာ
#ငါ....လူဖြစ်ပြီ ဆိုတဲ့ ကဗျာကို
မင်းဖန်ဆင်းပေးတဲ့ကောင်းကင်မှာ
နှလုံးသွေးနဲ့ရေးထိုးခွင့်ရခဲ့တဲ့နေ့
ငါဟာငါမဟုတ်တော့ပဲ
ဒြပ်စင်ဘဝကနေ ဒြပ်ပေါင်းဖြစ်သွားတဲ့နေ့
မင်းပေးတဲ့ မင်းရဲ့ချစ်သူဆိုတဲ့ဘွဲ့ကို
ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့နေ့
တစ်ထောင့်တစ်ညပုံပြင်တွေရဲ့
နောက်ဆက်တွဲပုံပြင်တွေ
စတင်အသက်ဝင်လာတဲ့နေ့....
အဲဒီနေ့မှာ
#.'.'.'CHO ကို မျိုးစေ့ချခဲ့တာလဲ
များစွာသောမမေ့နိုင်စရာတွေထဲကတစ်ခုပါ
ဘာပြဲဖစ်ဖြစ်
အလှမ်းကွာခြင်းဟာ
တစ်သားတည်းဖြစ်တည်မှုကို
ဟန်ုတားနိုင်စွမ်းမရှိကြောင်း
သက်သေပြနိုင်ခဲ့တာ တစ်ခုတည်းနဲ့တင်
တစ်မှုန်စီလွင့်ကြွေရကျိုးနပ်ပါတယ်
ဖွင့်လိုက်တဲ့ဟင်းလင်းပြင်မှာ
အစိုဓာတ်တွေ မြေမခခင်တုန်းက
ကဗျာဆိုတာ လက်ဖျားမှာစကားလုံးသီးနေခဲ့တာပါ
ရှင်သန်ခြင်းရော သေဆုံးခြင်းပါ ချုပ်ငြိမ်းရာကို
Nowhere လို့ခေါ်ရင်
ရှင်မရ သေမရ အဖြစ်ကိုရော ဘယ်လိုခေါ်ကြမလဲ
မင်းတေးထားပြီးမမေးဖြစ်ခဲ့တဲ့
#Universe ထဲဘာသွားလုပ်သလဲ ဆိုတဲ့မေးခွန်း
အခုဖြေပါရစေ
ငါသည်ပင်လျင် Universe တစ်ခုဖြစ်ကြောင်း
အတည်ပြုချက် သွားယူတာပါ
တကယ်ဆို...
မင်းလဲစကြာဝဠာ ငါလဲစကြာဝဠာ
တနည်း...
မင်းဟာလဲငါ့ရဲ့စကြာဝဠာ
ငါဟာလဲမင်းရဲ့စကြာဝဠာ..
၎
Friday Night
အော်ဂတ်စ် ၁၈ ၂၀၁၅
အဲဒီညမှာ
ဟင်းလင်းပွင့်သွားတဲ့ ကောင်းကင်မှ
နတ်သမီးတစ်ပါး
ငါ့ရဲ့ခရမ်းပြာရောင်အိပ်မက်ထဲ
လှပစွာပျံဝဲခုန်ဆင်းးလာခဲ့တယ်
အာသာပြင်းပြင်း စပ်ထားတဲ့
ကော့တေးခွက်ရဲ့ နှုတ်ခမ်းကိုတေ့ပြီး
တကျိုက်စုပ်လိုက်တယ်
ငါအသောက်ခံလိုက်ရပြီဆိုတာ
ချက်ချင်းသိလိုက်ပေမယ့်
ရီဝေတိမ်းမူးမှုထဲခေါင်းမဖေါ်နိုင်အောင်နစ်မြုပ်သွားခဲ့ရတယ်
ငါ့နာမည်ကိုရေးထိုးထားတဲ့
တက်တူရဲ့ဖမ်းစားခြင်းကို
အားအင်အပြည့်နဲ့ တုန်ရီမောဟိုက်နေတဲ့ နှလုံးသားက
ခုခံနိုင်စွမ်းမရှိခဲ့
ခုခံလိုစိတ်လဲမရှိခဲ့
ပိန်းပိတ်နေတဲ့အမှောင်ထုထဲ
#LivingInSin တေးသွားကိုစလွယ်သိုင်း
နတ်သမီးနဲ့အတူခုန်ချလိုက်တယ်
တဖျင်းဖျင်းမြည်နေတဲ့အာရုံကြောတွေရဲ့အသံဟာ
တိတ်ဆိတ်တဲ့ညကို ဖောက်ထွင်းပြီး
ဒီဂရီမြင့်သထက်မြင့်တက်လာတယ်
အသက်ရှုသံနှစ်ခုရောထွေး တစ်သားတည်းဖြစ်သွားပြီး
နောက်ဆုံးလက်ကနဲမီးပွင့်သွားတယ်
ဒါဟာ
အခမ်းနားဆုံး ဖွင့်ဖောက်ဖတ်ဖူးတဲ့ကဗျာတစ်ပုဒ်ပါ....
အဲဒီညကစပြီး
ညတိုင်းညတိုင်းကို
Friday Night လို့ထင်မှတ်မှားတဲ့
စိတ်ကစဥ့်ကလျားရောဂါတစ်မျိုး
စွဲကပ်လာခဲ့ရတာအခုထိပဲ
ငါ့ရဲ့ Friday night နဲ့ မင်းရဲ့ Friday night
တစ်ထပ်တည်းကျဖို့ဘယ်လောက်ခဲယဉ်းလဲဆိုတာ
ကြာလာလေ ပိုမိုနားလည်လာရလေလေပါပဲ ...
လည်နေတဲ့ကမ္ဘာကြီးနဲ့အတူလိုက်မလည်ပဲ
ဆယ်သုံးနာရီခွဲလုံးလုံး
ငါရပ်စောင့်နေခဲ့တဲ့အချိန်အတွင်းမှာ
တကယ်ဆို
မင်းခြေလှမ်းတွေကို ရပ်တန့်မထားခဲ့ဖို့သင့်ပါတယ်
....
၅
အချစ်ဆိုတာ....
ရှင်သန်ခြင်းနဲ့ မရဏတရားကိုဆက်သွယ်ပေးရာ
လူနှစ်ဦးလျောက်သာရုံအကျယ်ရှိ
လက်ရမ်းမဲ့ကြိုးတံတားတစ်ခု ...
ရှေ့အသိနှင့် နောက်အသိတို့
စစ်ခင်းရာ
စစ်တလင်းမှာ ပွင့်တဲ့ တောင်ဇလပ်ပန်း...
အကွားအဝေးအားဖြင့်
လက်တစ်ကမ်း အတွင်းရှိသော်လဲ
ဖမ်းဆုပ်ရခက်ခဲတဲ့ လေစက်လေပြောက်တစ်ခု
လေဟာပြင်အကျဉ်းထောင်ထဲက
ခြေထောက်တစ်ဖက်လပ် အချုပ်သားတစ်ယောက်ရဲ့
ခြေချင်းအခတ်ခံထားရမှု
ရာဇဝင်အစောင်စောင်ရဲ့ နံရံမှာ
မှုန်းခြယ်ထားတဲ့
ကာရံမဲ့အသက်ဝိညာည်....
မှော်ရုံတောထဲက
ပြေးသူနှင့် လိုက်သူမကွဲပြားတဲ့
အမဲလိုက်ခန်း....
တရားလို သို့မဟုတ် တရားခံတစ်ဦးဦးက
တရားသူကြီးဖြစ်နေတတ်တဲ့
တရားရုံး....
ခေါင်းတခြားပန်းတခြားဖြစ်နေတဲ့
ဒင်္ဂါးတစ်စရဲ့
သံစဉ်ရှာဖွေခြင်း...
တချို့လူတွေအတွက်
ကမ်းကခွါပြီးကုန်းပေါ်တက်လိုက်တာနဲ့
အလိုအလျောက်ဖောင်ဖျက်ပြီးသားဖြစ်သွားတဲ့
ကမ်းတက်စစ်ဆင်ရေး...
ဆေးဖက်ဝင်အိပ်မက်တွေနဲ့
ယက်လုပ်ထားတဲ့
ဒီရေတက်ချိန်ကျချိန်ပုံမှန်မရှိတဲ့ ယမကာ...
ငလျင်တွေ မုန်တိုင်းတွေနဲ့အတူ
ကိန်းသေတွေရှင်သန်လှုပ်ရှားနေတဲ့
ညီမျှခြင်း
ဘာသာစကားအပေါ်အယုံအကြည်ကင်းမဲ့ခြင်းနဲ့
စိတ်ကူးအိပ်မက်များ စကားလုံးမဲ့ခြင်းတို့ရဲ့
ဝိရောဓိ
ရေခဲမြစ်ထဲ
ဝိုင်ယာလျော့တိုက် ငါးရှာတဲ့
ရေမုဆိုးရဲ့ တောက်ခေါက်သံ
အလျင် နဲ့ အဟုန် မကွဲပြားတဲ့
ဆွဲအားမဲ့ လေဟာနယ်ရပ်ဝန်းက
ရူပဗေဒ
ခေါက်ချိုးညီမျဉ်းရဲ့ တစ်ဘက်တစ်ချက်က
တူမျှရန်ခက်ခက်သော
ဧရိယာ နှစ်ခု
ရင်တုန်လှိုက်မောဖွယ်လဲကောင်း
ကြောက်မက်ဖွယ်လဲကောင်းတဲ့
ခြားနားမှုရဲ့ နှာခြေသံ
ဘယ်ဆေးမှမမှီတဲ့အဆိပ်နဲ့
ဘယ်အဆိပ်မှမမှီတဲ့ဆေးတို့ရဲ့
ဒြပ်ပေါင်း
လက်ဖျစ်တစ်တွတ် နဲ့ တစ်ကမ္ဘာကို
ထပ်တူညီ ညီမျှခြင်းဖြစ်အောင်
ဖြည်းစွမ်းပေးနိုင်တဲ့ ကိန်းသေ အရှင်
ဥယျာဉ်တစ်ခုတွင်း
ပင်ခြားဝတ်မှုန်ကူးခြင်းဆိုင်ရာ
ကြားခံဝတ္ထု
တချို့လူတွေအတွက်
ဝင်းဒိုးရှော့ပင်း ထွက်ရင်း
ဘုမသိဘမသိ သူခိုးစွဲခံလိုက်ရတဲ့ ဖြစ်အင်
ဟိုဘက်နိုင်ငံကနယ်ခြားစည်း နဲ့
ဒီဘက်နိုင်ငံကနယ်ခြားစည်း
ထပ်လိုက် ကွာလိုက်ဖြစ်နေတတ်တဲ့ နယ်စပ်
သောက်လေငတ်လေဗိုင်းရပ်စ် အကိုက်ခံရတဲ့
ကော့တေးတစ်ခွက်ရဲ့
ဆိုင်ဘာယဉ်ကျေးမှု
အလီဘာဘာဇာတ်ထဲက
လေးဆယ်တစ်ယောက်မြောက် ခိုးသားရဲ့
အကျင့်စာရိတ္တ သရုပ်ဖေါ် ပုံ ပန်ချီကားတစ်ချပ်
ကဗျာဆရာနဲ့ သူ့ရဲ့ကဗျာတစ်ပုဒ်ကြားထဲက
ဆယ်သွယ်ရေးလမ်းကြောင်းကို
အဖွင့်အပိတ်လုပ်ပေးတဲ့ တိုးဂိတ်
သို့မဟုတ် အဆို့အရှင်
တက်တူတစ်ခုရဲ့ နောက်ကြောင်းသမိုင်းနဲ့
အသုံးပြုတဲ့စို့ရဲ့ ရင်လွဲတေးတို့၏
လက်ဆုံသောက်ပွဲ
တစက်စက်ယိုစီးကျနေတဲ့
အနီရောင်မျက်ရည်တို့ရဲ့ မြစ်ဖျား က
အစီရင်ခံချက် စာလုံးပေါင်းမှားတဲ့ စိမ့်စမ်းပေါက်
အဝင်ချိုသလောက် အမျိုခါးပြီး
မူးယစ်အသိပျောက်စေတဲ့
သောက်သုံးဖွယ်ရာ
....
၆
Fall သို့မဟုတ် ရွက်ကြွေရာသီသို့ တိမ်းညွတ်ခြင်း
အသက်နဲ့တိုင်းပြီးယက်ထားတဲ့ ခံစားချက်တွေက
လူရာမဝင်ရင်သာနေရမယ်
ဖိစီးချက်ကတော့
လူတစ်ယောက်စာတော့
ကောင်းကောင်းအမှုန်ချေဖို့လုံလောက်တယ်
ဒီအမှုမှာအဓိကတရားခံက ဆွဲချကြီးဖြစ်ကြောင်း
ရုံးပေါ်က အိမ်မြှောင်ကအစသိတယ်
လမ်ဘေးပလက်ဖောင်းလို့ပြောလဲစိတ်မဆိုးပါ
ဒါကျုပ်ရဲ့နေရာမှန်ပဲလေ
ကိုယ်နေရာလေးနဲ့ကိုယ် ပျော်မွေ့ရတာ
ကဗျာတစ်ပုဒ်ကို
ဌ္ဋာန်ကရိုဏ်းကျကျ နားဆင်ရသလိုပါပဲ
ကိုယ့်အထွာနဲ့ကိုယ် ကျဉ်းမြောင်းရတာ
ဘယ်သူဘာပြောပြော
ချောင်ချောင်လည်လည်တော့ရှိသား
ကိုယ်က လူကောင်ခပ်သေးသေးပဲဆိုတော့လေ...
ဆပ်သွားဖူးအနံ့တွေဖိတ်စင်ကျနေတဲ့
ပလက်ဖောင်းကုန်းပတ်ပေါ်
တံလျပ်တွေ နယ်ကျော်ရောက်လာတာတော့ရှိတာပေါ့
ပြောပြချင်တာ
အဲဒီသက်တန်ရဲ့ ရေသောက်မြစ်ဟာငရဲပွက်အိုင်မှာ
မြစ်ဖျားခံခဲ့တယ်ဆိုတာပါ
ဇိုးခနဲ ဇာတ်ခနဲပဲ ကြွေကြွေ
ကဗျာဆန်ဆန် လှတပတ ဝဲပျံပြီးပဲကြွေကြွေ
မြေခတာက ခတာပါပဲ
.....
၇
ကောင်ကင်မှားပြီးမှောင်တဲ့ည
ပျောက်ဆုံးပါက သက်ဆိုင်သူသို့ချက်ချင်းအကြောင်းကြားပါ
ဆိုတဲ့ ကတ်ပြားတစ်ခု ရရှိခဲ့တယ်
ကတ်ပြားကိုကြေးမှုံနဲ့ ရင်ဘတ်မှာအသေစွဲထားလိုက်တယ်
ကတ်ပြားမပျောက်ပဲ သက်ဆိုင်သူပျောက်တဲ့အမှုအတွက်
ဘယ်ကိုအကြောင်းရပါ့မလဲ
ဗမာလိုလဲချမ်းတယ်
မွန်လိုလဲချမ်းတယ်
ဒီလိုနဲ့ခွက်ပုန်းတွေ ဖုံးမနိုင် ဖိမရပေါ်လာတော့တာပါပဲ
ကဇော်သမားလို့သတ်မှတ်မယ်ဆိုလဲ
#ချမ်း ဆိုတဲ့နာမဝိသေသနလေးတော့
ပါအောင်ထည့်ပေးပါ
အမြဲတစေပိတ်ထားတဲ့တံခါးတစ်ချပ်ကလွဲပြီး
အကာအရံမရှိတဲ့ အခန်းလေးရဲ့တံခါးရှေ့မှာ
သော့ပျောက်နေတဲ့အိမ်ရှင်တစ်ယောက်လို
ကောင်းကင်ဘုံရဲ့မလွယ်ပေါက်မှာ
ခေါင်းဝင်ပြီးကိုယ်မဆံ့ဖြစ်နေရသလိုပါပဲ
လူတွေ့အောင်ဖွက်ထားတဲ့
Activity တွေအစွမ်းပြတဲ့နေ့ဟာ
ဆာဒူကြီးရဲ့ ခြတောင်ပို့မျှင်ဝတ်ရုံကို
စကားစိမ်းခေါက်ဆိုးဆေးဆိုးပြီး
ဝတ်ရုံရမဲ့နေ့ပဲလို့
မျှော်လင့်ထားပြီးသားပါ
လေးနက်မှုတွေအကြောင်းပြောရင်
ရင်ဘတ်အောင့်လွန်းလို့
ပေါ့ပေါ့ပါးပါးပဲ ပြောပါရစေ
ငါ့မိုးကုတ်စက်ဝိုင်းမလေးရေ...
မင်းကိုငါ သေလောက်အောင် ချစ်တယ်
ပြီးတော့...
သေလောက်အောင် ရဲ့ ဟိုဘက်ကျော်သွားအောင်
လွမ်းတယ်ဟာ...
.. ..
၈
အိပ်တန်းလား.... သူမှိုတက်နေတယ်ကော
လက်နှစ်ဖက်ကိုနောက်ပစ်ပြီး
အလင်းအိုရောင် ညနေခင်း တစ်ခုထဲ
ဒိုင်ဗင်ထိုးချလိုက်တယ်
တောင်ဇလပ်ပန်းတွေ
သောက်ကြာကြယ်ရဲ့ ပြုတင်းပေါက်ထဲ
လန့်ဖြန့် ပြီးခုန်ဝင်သွားကြတယ်
ပစ်ချလိုက်ရမလားဆိုတဲ့
အသံနက်ကြီးတစ်ခု မိုးပေါ်ကနေ
ဖယောင်းခင်းထဲယိမ်းကနေတဲ့
မီးလျှံပင်တွေပေါ်ကို
ပြုတ်ကျလာတယ်
ဆောက်တည်ရာမဲ့နေတဲ့ တိမ်စိုင်တိမ်ခဲတွေဟာ
အရည်ပျော်ခံဖို့ သူ့ထက်ငါ့ တိုးဝှေ့လျက်
တေးသီငှက် တစ်ကောင်ရဲ့
စည်းချက်ထော့ကျိုး မပီကလာပီကလာ တေးသွားက
လှောင်အိမ်နံ့သင်းလို့ ....
တောင်ရိုးပေါ်က
ခရုခွံလေးတွေရဲ့
ပင်လယ်အော်သံဟာ
ငါ့ကို လှောင်ပြောင်ရယ်မောတဲ့အသံဖြစ်ကြောင်း
ကန္တာရထဲကျောက်ချထားတဲ့
နေမှုန်တွေကငါကိုပြောပြကြတယ်
ကန္တာရထဲကျောက်ချထားတဲ့နေမှုန်တွေရဲ့
လင်းလက်မှုဟာ
ငါကိုလောင်မြိုက်စေဖို့ဖြစ်ကြောင်း
တောင်ရိုးပေါ်က ခရုခွံလေးတွေက ငါ့ကိုပြောပြကြတယ်
ဝီခေါ်နေတဲ့ သံသယတွေကို
ရေနဲ့ငြိမ်းသတ်ဖို့ကြိုးစားတာ
ရေလောင်းပေါင်းသင်ပေးသလို ဖြစ်သွားခဲ့
ဆန့်တန်း ထားတဲ့ အိပ်မက်တွေတသီတသန်းကြီး
ကြိုးနဲ့သီပြီးလည်မှာ ချိတ်ဆွဲထားတာ
တချို့ ကကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တာလို့ပြောကြတယ်
ဟုတ်သလိုလိုရှိပေမယ့်
မဟုတ်ပါဘူးလို့ဝိုင်းငြင်းပေးမယ့် မင်းကို
မျှော်လင့်နေဆဲပါ
ငါ့ဝင်ရိုးစွန်းရေ....
....
၉
ပြောရမယ်ဆို
ပြောရမယ်ဆို
တကယ့်စစ်တလင်းကွင်းထဲရောက်မှ
ကွင်းပျောက်နေတဲ့
စစ်တုရင်ကစားပွဲတခုလိုမျိုး
ပြောရမယ်ဆို
ခပ်မွဲမွဲမျက်စိတစ်စုံနဲ့
ပေါ်လိုက်ပျောက်လိုက်ပုံရိပ်တွေကို
မမှီ့တမှီ လိုက်ဖမ်းနေမိသလိုမျိုး
ပြောရမယ်ဆို
တကျွီကျွီငိုနေတဲ့ တံခါးတစ်ချပ်ရှေ့မှာ
ဖွင့်ရအခက်ပိတ်ရမလွယ်
ဝေခွဲမရခင်မှာ
သော့ပျောက်သွားရသလိုမျိုး
ပြောရမယ်ဆို
ပြဇာတ်တပုဒ်ရဲ့ အဦးအစမှာ
ရှေ့ဆုံးကပါဝင်လာပြီး
တကယ့်ဇာတ်သိမ်းခန်းကျမှ
ကားလိပ်ချဖို့ တာဝန်ကျရသလိုမျိုး
ပြောရမယ်ဆို
မိုးခေါင်ရေရှားအရပ်မှာ
ကြယ်တွေတဝုန်းဝုန်းရွာချပြီး
ဠင်းတတွန်သံနဲ့ မိုးလင်းလိုက်ရသလိုမျိုး
ပြောရမယ်ဆို
နောက်ဆုံးကျမှဝင်လာတဲ့
ခေါင်ရထားရဲ့လက်မှတ်ကို
ဝယ်ထားမိသလိုမျိုး
ပြောရမယ်ဆို
မကောင်းဆိုးဝါး ကဗျာရွတ်သံမှာ
နောက်ခံဂီတ အဖြစ်
အသုံးတော်ခံရသလိုမျိုး
....
၁၀
ကျေးဇူးပါ
ငါ့ဝင်ရိုးစွန်းမလေးရေ....
အသိုက်နဲ့ဓာတ်မတဲ့
ငါလိုငှက်တစ်ကောင်ကို
အိပ်တန်းတက်တတ်အောင်
သင်ပြပေးခဲ့တာ ကျေးဇူးတင်တယ် ....
အဆံနဲ့အဆန်ကို
ခွဲခြားစာလုံးပေါင်းတတ်အောင်
အလင်းဖွင့်ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်တယ်
ပြိုင်မျဉ်းနှစ်ကြောင်းရဲ့ဆုံမှတ်ရှိရာ
Infinity ရောက်သည်အထိ
မိန်းမိန်မူးမူး
အတူရွှက်လွှင့်ခဲ့ရတဲ့ကာလတွေအတွက်
ကျေးဇူးတင်တယ် ...
ပိုင်ဆိုင်ခွင့်ရခဲ့ဖူးတဲ့ အကြင်နာတွေကို
ငါ့ကဗျာတွေထဲ သိုမှီးသိမ်းဆည်းထားခဲ့ခွင့်ရခဲ့တဲ့အတွက်
ကျေးဇူးတင်တယ် ...
ငါ့လွမ်းခင်းထဲ ထင်ကျန်ခဲ့တဲ့
မင်းရဲ့ခြေရာလက်ရာတွေ မင်းပြန်ဖျက်ဖို့ကြိုးစားခဲ့ပေမယ့်
ချန်ထားပေးခဲ့တဲ့ ဖျက်ရာတွေအတွက်
ကျေးဇူးတင်တယ် ...
ဒဏ်ရာ နာကျင်မှုတွေကို
အလိုရှိသရွေ့
ခံစားစံစားတတ်အောင်
သင်ပြပေးခဲ့တဲ့အတွက်ကျေးဇူးတင်တယ်...
အဆင်းလမ်းမရှိတဲ့
ဝေဒနာရဲ့အထွဋ်အထိပ်ကို
တုပ်နှောင်ပို့ဆောင်ပြီးမှ
ဝဋ်ရှိသရွေ့ခံပေရော့လို့
နှောင်ကြိုးဖြတ်ချထားခဲ့တဲ့အတွက်
ကျေးဇူးတင်တယ်
ခုံရုံးတော်ဆိုတာ
ကြမ်းပိုးတွေပျော်မွေ့ရာနေရာတစ်ခုပဲလို့
မသိတတ်ခင်ကတည်းက
စီရင်ချက်ကြိုရေးထားတဲ့အမှုမှာ
တရားခံအဖြစ်ပါဝင်ခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်တယ်
အစအလယ်အဆုံး
အပြည့်အဝမရလိုက်တဲ့
ကျေးဇူးတင်ခွင့် အတွက်
ကျေးဇူးတင်တယ်
၁၁
ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားသောလကို
စတုတ္ထအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
အခန်းဆက်ပုံပြင် အဆုံးသတ်သွားမှာ
စိုးရွံ့ မိတာအပြစ်အလား
မိန်းမောမှုကို တမ်းမက်ရင်
မွန်းကျပ်ခြင်းကိုလဲလက်ခံရလိမ့်မယ်လို့
တဂိုးရဲ့ လိပ်ပြာက ငါ့ကိုပြောတယ်
ပထဝီမှာဆိုတာဘာမှန်းမသိခင်ကတည်းကိုက
မြေကြီးနဲ့အကျွမ်းဝင်ခဲ့တဲ့ကောင်ပါ
ခြေထောက်တစ်ဖက်လပ် ကင်းခြေများက
အခန်းမျက်နှာကျက်ပေါ်ကနေချောင်းကြည့်နေတယ်
ဆန့်ထုတ်လိုက်တဲ့ အတွေးတွေမှာ
အတွန့်အတက်တွေနဲ့
နာရီအိုကြီးရဲ့ ညည်းညူသံဟာ
ငါ့နားစည်ကို ကန့်လန့်ဖြတ် ရိုက်ခတ်လျက်
အနာယဉ်းနေတဲ့ ပုရပိုက်မှာ တခမ်းတနားရေးထိုးထားတဲ့
တမ်းချင်းတစ်ပွင့်အပေါ်
ဆောင်းတစ်ပြိုက်နှစ်ပြိုက် ရွာစပြုစဉ်မှာပဲ
ချိန်ခါမတော် ကိုရွေဖားကို
ဘယ်လှည်းတက်ကြိတ်တယ်မသိ
စူးစူးဝါးဝါးထအော်လေရဲ့
မပြေးသော် ကန်ရာရှိ
ပြေးသော် ခံရာရှိ
ငါမှားပြီလို့သိလိုက်ရချိန်မှာ
အမှန်တရားက
လိုက်မမှီနိုင်တဲ့အကွာအဝေးမှာရောက်နှင့်နေခဲ့ပြီ....
.....
၁၂
နိဂုံး
ငါ့ရဲ့ ဒမ်မီမိုးမလေးရေ....
ဂျန်နန်ဝါရီ ၁၇ ၂၀၁၆
အဆုပ်လိုက်အခဲလိုက် ရွက်လွင့်နေတဲ့
တိမ်တပ်တွေမှာ
လျပ်စီးလက်နက်တွေ တပ်ဆင်ထားကြောင်း
နှောင်းမိုးရဲ့ပြောကြားချက်ကို
ငါမယုံခဲ့မိ
အဂ္ဂိရတ်ဆရာရဲ့ ဓာတ်ပေါင်းဖိုထဲကနေ
ပြသဒါးက ငါ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်တယ်
ကော်ပတ်အကြမ်းနဲ့တိုက်ထားတဲ့
ကော်ဖီတစ်ခွက်ထဲ
ဆေးပြင်းလိပ်ပြာတွေ ပြုတ်ကျပြီး
ကမ်းမမြင်ပေမယ့် ရေပြင်ရှိသမျှကို
လမ်းလို့တွက်ယူရမယ့်ပုစ္ဆာတစ်ပုဒ်
လျပ်စီးလက်သွားခဲ့ရတယ်
မောင်းထောင်းသံ ဟာ
တစ်ဆင့်စကား တစ်ဆင့်နားနဲ့
ဗုံကြီးသံဖြစ်သွားရတာကို အကြောင်းပြုပြီး
ဂစ်တာနဲ့ ဒုံမင်းတို့ အငြင်းအခုံဖြစ်ကြတဲ့ပွဲမှာ
ကြိုးအများကြီးထိန်သိမ်းရတဲ့ဒုံမင်းက
စစ်ရှုံးသွားခဲ့တယ်
ကြိုးညှိရင်းက
တထောင်းထောင်း ပြတ်ထွက်ကုန်တာကြောင့်
မတိုက်လိုက်ပဲရှုံးသွားတဲ့စစ်ပွဲလို့လဲပြောလို့ရတယ်
အရှုံးဘက်မှာပါရမီရင့်သန်မှုနိမိတ်ပုံ ဟာ
ငါ့ရဲ့ဂီတဖြစ်ကြောင်း
ပရိတ်သတ်ရဲ့တစ်ခဲနက်ဩဘာပေးသံကိုလဲ
ကြားနိုင်ပါတယ်
ငါ့ရဲ့ FF VIII ဂိမ်းမလေးရေ....
ဖြေလျော့ခဲ့ဖူးတဲ့ဆံနွယ်တွေ
အခြားတစ်ယောက် မေးတင်နေရော့မလားဆိုတဲ့အတွေးမှာ
ငါအခါခါသေတယ်
အရောင်စုံအသွေးစုံ ခမ်းနားလွန် အမှတ်တရတွေက
ကုဋေကုဋာမကများပြားလွန်းခဲ့
ငါ့ကောင်းကင်မှာ
နေ လ ကြယ် နဲ့ တိမ်တို့
မှားယွင်းပွင့်ဝေတဲ့ဖြစ်ရပ်အတွက်
ငါ့မှာသာအဓိကတာဝန်ရှိပါတယ်
မင်းရဲ့ကောင်းကင်နဲ့ ငါ့ရဲ့ကောင်းကင်
တစ်ခုတည်းမဖြစ်နိုင်တော့တဲ့ အခြေအနေမှာ
ငါ့ကောင်းကင်ကိုပင်လယ်ထဲလွှင့်ပစ်ပြီး
မင်းကောင်းကင်နဲ့ပဲ
ရှင်သန်သွားချင်တာ
ငါ့ရဲ့နောက်ဆုံးဆန္ဒပါ
စောင်းငဲ့မကြည့်ပါနဲ့
အနောက်တည့်တည့်လှည့်မကြည့်နိုင်ရင်
ကျောသာခိုင်းထားလိုက်ပါ
မင်းအကြောင်းရေးတဲ့ငါ့ကဗျာတွေဟာ
မင်းရဲ့ကျောဘက်မှာလား ရင်ဘက်မှာလားဆိုတာ
မပြောပဲနှစ်ယောက်သား နားလည်နေခဲ့ပြီးသားပဲလေ
ငါ့ရဲ့ပေါက်ကရကောင်မလေးရေ ...
ငါ့ရဲ့ ဒမ်မီမိုးမလေးရေ...
ငါ့ရဲ့ မပြောင်းလဲတဲ့သံစဉ်မလေးရေ...
ငါ့ရဲ့ FF VIII ဂိမ်းမလေးရေ....
ငါ့ရဲ့ဝင်ရိုးစွန်းမလေးရေ...
ငါ့ရဲ့!!!!!!!!... .... ....
ငါ့ !!!!!! !!!!! !!!! !!! !! ! ... .. .
ချိုကိုဘို
No comments:
Post a Comment