ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားသောလကို
တတိယအကြိမ်တွေရှိခိုက်ရေးသောကဗျာ
လေထဲကငါးတွေမှာ ဗွေပါမပါ
ငြင်းခုံတဲ့အလုပ်မျိုးတွေနဲ့
ကိုယ်တွင်းစစ်ဖြစ်နေတာ အဓိပ္ပါယ်ရှိပါသလား.....
စိမ်းညို့လွန့်လဲ့ မွန်တည့်နေမလေးရေ....
မင်းရိတ်သိမ်းသွားတဲ့
ငါ့အာရုဏ်ခင်းကို ပြန်ပေးပါ..
လွင့်စင်လို့မရပဲ ပေါက်ကွဲနေရတာ
တကယ့်ကိုဆိုးဝါးလွန်းပါတယ်...
ဝါကျင့်ကျင့် ရှုမျှော်ခင်းတွေကို
ပုလင်းတစ်ခုထဲအလုံပိတ်ထားခဲ့စဉ်က
ပုလင်းကွဲနိုင်တယ်ဆိုတာ
သတိပေးမဲ့သူမရှိခဲ့
ကံကောင်းထောက်မစွာပဲ ကံဆိုးခဲ့တာပါ
ဥပေက္ခာတွေ ထပ်ပြီးရွာမချပါနဲ့တော့
ရင်ဘတ်တစ်ခုစာအတွက်
လုံလောက်တာထက်တောင်ပိုနေပါပြီ
မမေးရဲ့တဲ့ မေးခွန်း..
"ငါပတ်ဝန်းကျင်ဟာ မင်း ဖြစ်ပြီး
မင်းပတ်ဝန်းကျင်ဟာ ဘာလဲ "
စကားတွေပုံထပ်နေတဲ့
စကားပုံတွေကြားထဲ ငါကိုမရှာပါနဲ့
စကားလုံးတွေရဲ့ အလွန်
ခရမ်းပြာဂြိုဟ်ဆီမှာသာ ငါကိုရှာပါ
ငါ့ဝင်ရိုးစွန်းမလေးရေ...
ငါတက်ခဲ့တာချောတိုင်တစ်ခုမဟုတ်ကြောင်း
ငါယုံကြည်အောင်ပြောပြပေးပါ
ချိုကိုဘို
No comments:
Post a Comment