ကောင်းကင်မှားပြီး ပွက်တဲ့တိမ်
အလိမ်မပေါ်မချင်းတော့
ကျွန်တော်ဟာလူကောင်းတစ်ယောက်ပါ
ညံ့ချက်တွေမပေါ်မချင်းလဲ
လူတော်တစ်ယောက်ပါ
ကျေးဇူးပြု၍ ကျွန်တော့်ကိုမဖတ်ပါနဲ့
ကျေးဇူးပြု၍ ကျွန်တော့်ကိုနားမဆင်ပါနဲ့
ကျေးဇူးပြု၍ ကျွန်တော့်ကိုမမြည်းစမ်းပါနဲ့
ကျေးဇူးပြု၍ ကျွန်တော့်ကို လှန်လှောမကြည့်ပါနဲ့
ကျေးဇူးပြု၍ ကျွန်တော့်မျက်နှာဖုံးကို မထိပါနဲ့
လမ်းမှာကျနေတာတွေ့ရင်
ခလုတ်တိုက်ချင်ယောင်ဆောင်ပြီးဖြစ်ဖြစ်
နေရာမှန်ရောက်အောင်
မြောင်းထဲကန်ချပေးသွားပါ
ဘဝဟာခရီးလမ်းအဆုံးရယ်လို့ရှိသလား...
အဲဒါဘယ်နေရာမှာလဲ ....
ရှေ့ဆက်လျောက်လို့မရတော့တဲ့နေရာလား...
အားအင်ကုန်ခန်းသွားတဲ့နေရာလား
ကိုယ်ခြေထောက်နဲ့ကိုယ်ခလုတ်တိုက်ပြီး
မြောင်းထဲပြုတ်ကျသွားတဲ့နေရာလား ....
ရှေ့ကိုလှမ်းမျှော်ကြည့်ရင်
ဘာမှမမြင်နိုင်တော့တဲ့ နေရာလား....
သေချာတာက အိုအေစစ်တစ်ခုတွေ့ပြီဆိုရင်
ဒါဟာ အဆုံးသတ်မဟုတ်သေးကြောင်းကိုတော့
ရင်ဘတ်တစ်ခုလုံးအပါအဝင်
ဘဝငါးမတ်စာလောက်နဲ့ရင်းပြီးသိခဲ့ရတယ်
ခံစားမှုစိတ်အလျင်အတွက် ရစ်သမ်ပျောက်ဆုံးပြီး
ဆက်လက်စီးဆင်းစရာလမ်းကြောင်းလဲမရှိ
ပါကင်ထိုးစရာ နေရာလွတ်လဲမရှိ
ဒီအနေအထားမှာ
ကျွန်တော်ဟာ
စိတ်ဓာတ်ဟောက်ပက်ကြီးဖြစ်နေရတယ်
ပေမမှီဒေါက်မမှီကဗျာတွေ တောထနေတဲ့
နံရံအိုကြီးတစ်ခုပျိုကျသွား
တော်လဲသံနက်ကြီး က
ငါ့တစ်ဦးတည်းကြားလောက်တဲ့အသံနဲ့
အကျယ်ကြီး ဟောက်စားလုပ်တယ်
တော်လဲသံနဲ့အတူ
ပျောက်ဆုံးသွားတဲ့ အိပ်စက်ခြင်းကို
အရုးတစ်ယောက်ရဲ့လည်ပင်းမှာ
ကြိုးတန်းလန်းနဲ့တွေ့ ရတယ်
ဒါပေမယ့်
ပြန်တောင်းယူဝံ့တဲ့ သတ္တိပျောက်ဆုံးနေခဲ့....
ဒါဘာကြောင့်လဲ ?
အရူးကိုကြောက်လို့လား?
လူအမြင်မတော်မှာစိုးလို့လား?
ဒါတွေတစ်ခုမှမဟုတ်ဘူး
ကိုယ်နဲ့မထိုက်တန်တော့တာကို
ဘာသာသိနေလို့ပဲ
ဘာဆိုဘာမှလုပ်စရာမရှိတဲ့ဘဝတစ်ခုဟာ
အေးစက်စက်မီးသေတောင်တစ်လုံးလောက်မှ
အလေးထားဖွယ်မရှိတော့
အေးစက်တယ်....ဟုတ်လား?
ဟုတ်ကဲ့....
အရမ်းကိုအေးစက်ပါတယ်
သေပြီဆိုမှတော့ အပြင်ကစမ်းသပ်ထိတွေ့ရင်
အေးစက်စက်ကြီးဖြစ်နေမှာပေါ့
အတွင်းထဲမှာ ပိုးလောက်တွေနဲ့
ပူလောင်ဆူပွက်နေတာ မမြင်ပဲကိုး
ဒါကိုမသိပဲ
ရေခဲတုံးကြီးလို့ အစွပ်စွဲခံရတာ
ပူတယ်
ပြီးတော့နာ( ကျင် )တယ်...
ပူတယ်...
နွေ* က နွေထက်တောင်ပူသေးတယ်
မိုး* ကလဲ နွေ* ထက်တောင်ပူသေးတယ်
ဆောင်း ကလဲ မိုး* ထက်တောင်ပူသေးတယ်
ပိုးဖလံကသွားတိုးတာပဲဖြစ်ဖြစ်
မီးကလာဟပ်တာပဲဖြစ်ဖြစ်
ပူတာကသေလောက်အောင်ပူတာပဲ
အတောင်ညောင်းရော့မယ်ဆိုပြီး
မီးမြိုက်သွားတာမျိုးကို
ဘယ်လိုဝဋ်ကြွေးလို့ ကင်ပွန်းတပ်ရပါ့မလဲ
အက်စစ်လောင်းသန့်စင်ရအောင်
ကျွန်တော်က ရွှေလဲမဟုတ်
ဘာဆိုဘာမှကိုမဟုတ်တဲ့ကောင်လေ
နာတယ် ....
အနာလဲသိတယ် ....
( ဒီလောက်မခံမရပ်နိုင်အောင်နာနေမှတော့သိပြီပေါ့ )
ဆေးလဲရှိတယ် ....
(ရန်ကုန်တစ်မြို့လုံး အပေါများဆုံးကအရက်ဆိုင်ပဲ)
ဘယ်လောက်ပဲ ပြင်းပြင်း
ဘယ်လောက်ပဲ မျိုမျို
ဆေးလုံးဝမတိုးတော့တာလေးတော့
ပြောစရာရှိတာပေါ့
ကွဲတယ်....
§ရှက်လုံးလုံးမရှိတော့အောင်ကိုကွဲတယ်
ရှက်အိုးကွဲရုံနဲ့အားမရလို့ အရက်အိုးပါကွဲတယ်
အရက်အိုးကွဲရုံနဲ့အားမရလို့ အသက်အိုးပါကွဲတယ်
အသက်အိုးကွဲရုံနဲ့အားမရလို့ ကလောင်အိုးပါကွဲတယ်
ကလောင်အိုးကွဲရုံနဲ့အားမရလို့ မင်အိုးပါကွဲတယ်
မင်အိုးကွဲရုံနဲ့အားမရလို့ ဆေးအိုးပါကွဲတယ်
ကွဲပြီးရင်းကွဲရင်း အိုးကွဲတွေကြားထဲုမှာ
တစ်ဗွေတည်း ဒစ်လည်နေရတယ်
ယစ်တယ်
တကယ့်ကို
နေမြင့်လေ အနာယစ်လေ
Chocobo
No comments:
Post a Comment