မန္တလေး
ပေါက်စီတစ်လုံးထဲ အစာသွပ်ခံလိုက်ရတဲ့
မန်းမြိုကလေးမှာ
ဘဝသံသရာ သီချင်း ကို အော်ဆိုသွားတဲ့
အမူးသမားတစ်ယောက်ရဲ့ တေးသံနဲ့အလိုက်
လမ်းမီးတိုင်တွေ ယိမ်းကနေကြတယ်
အမှတ်စဉ် မတပ်ရသေးတဲ့ သဏ္ဌာန်တူနိယာမတစ်ခု
ပေါ်လိုက်ပျောက်လိုက်
အမှတ်စဉ်တပ်ရခက်နေလေရဲ့
အဆံချောင် ယုံကြည်မှုတွေတောင်
ဂိုထောင်ထဲ လက်ကျန်ကုန်သလောက်ပဲ
မြို့ရိုးတလျှောက် သူရဲခိုတွေမှာ
သရဲတွေ ခိုကြပြီလေ
လမ်းတွေလဲ
ပိုးလမ်းမရဲ့ အစိတ်အပိုင်းတွေဖြစ်ကုန်ကြ
မန်းတောင်ခြေက ခြင်္သေ့ကြီးနှစ်ကောင်နဲ့
တောင်ထိပ်က မြွေကြီးနှစ်ကောင်လဲ
ခေါက်ဆွဲတွေနဲ့ပဲ အသက်ဆက်နေကြရ
၈၄ လမ်း နာရီစင်နဲ့ ဈေးချိုတော်ကြီး ခမျှာလဲ
ဆေးသကြားနဲ့ ချိုနေရတဲ့ ဘဝ
မြို့ မ ကိုလဲ မြို့ က မ, မနိုင်တော့ပါ
မြို့ မကလဲမြို့ကို မ, မနိုင်တော့ပါ
( မြို့မကို မြို့က မ, မ နိုင်တော့ပေမယ့်
မြိုမကတော့ မြို့ကို မ,နိုင်သလောက်မ,ဆဲပါ )
ဒီလိုနဲ့ပဲ
မြန်မာ့ အသည်းနှလုံးမြို့တော်မှာ
တဖြည်းဖြည်းနဲ့ အဖီတွေများလာခဲ့ပါပေါ့
ရေနီမြောင်းကရေတွေ
ပြန်နီလာမယ့်နေ့
ပြန်ပြီးမှရနိုင်ပါအုံးမလား
တမ်းတမိတယ် မြို့ကလေးရေ....
ချိုကိုဘို
No comments:
Post a Comment