အတွင်း နဲ့ အပြင်
ငယ်ငယ်ကတွေ့တဲ့ဆရာတစ်ယောက်က
မေးဖူးတာ..
"ကောင်လေး မင်းမှာနာရီရှိသလား" တဲ့
ကျွန်တော့်လက်ပတ်နာရီလေးပြပြီး
ရှိတယ်လို့ ဖြေတာပေါ့
ဆရာကပြုံးစေ့စေ့နဲ့ဘာပြောတယ်မှတ်လဲ
"မင်းနာရီကဘောင်ခတ်ထားတာကြီး ဘာမှသုံးစားမရဘူး"...တဲ့
"နာရီပဲဗျာ...ဘောင်ပါမှာပေါ့ ...ဆရာကျတော့
ဒီလိုနာရီတစ်လုံးတောင်မရှိပဲနဲ့"
နှုတ်ကပြောတာတော့မဟုတ်ဘူးဗျ
စိတ်ထဲကနေပြန်ပြောတာပါ ဆရာဆိုတော့ ကြောက်ရတယ်လေ
နောက်ပိုင်းအဲဒီကိစ္စကို ခဏခဏတွေးမိတယ်
မကျေမချမ်းနဲ့ပေါ့
၇ နှစ်လောက်အကြာမှာဆရာနဲ့ပြန်တွေ့တယ်
အလှူတစ်ခုသွားရင်း တွေ့တာ ဆရာကသင်္ကန်းဝတ်နဲ့
တွေ့တွေ့ချင်းနှုတ်ဆက်ပုံကိုလဲကြည့်အုံး
"ကောင်လေး မင်းမှာနာရီရှိသလား" တဲ့
ရှိပါတယ်ဘုရား ဆိုပြီး ကျွန်တော့် လက်ပတ်နာရီ
အကောင်းစားကြီး သူမြင်အောင်ပြလိုက်တယ်
သူကမမြင်သလိုလုပ်ပြီး
ရှိရင်လဲစကားပြောရအောင်ကွာဆိုပြီးရှေ့ကနေဦးဆောင်ခေါ်တာသွါးပဲ ကျောင်းအနောက်ဘက် ဝါးရုံတောထဲ စကားပြောဖြစ်ကြတယ်
ရွာကအကြောင်းတွေမေးတယ် ရှေးဟောင်းနှောင်း
ဖြစ်တွေအချိန်အတော်ကြာပြောဖြစ်ကြတယ်
အဲဒီတုန်းကဆရာ့မျက်နှာမှာအပေါ်လွင်အထင်ရှားဆုံးအချက်ကအေးချမ်းခြင်းဆိုတာကိုသတိပြုမိတယ် ဝမ်းသာစရာသတင်း ဝမ်းနည်းစရာသတင်း
ဘာသတင်းပဲဖြစ်ဖြစ် အေးချမ်းတဲ့ အပြုံးနဲ့ပဲတုံပြန်တယ်
နောက်ပိုင်းကျွန်တော်လဲ ကျောင်းမရောက်ဖြစ်တာ
ကြာသွားတယ် ၃လလောက်ကြာမှ ရောက်သွား
တော့ ဆရာမရှိတော့ဘူး
ဆရာတော်ကြီးကို မေးလျောက်တော့ ပြောင်းသွားပြီဆိုတဲ့အဖြေကိုပဲရခဲ့တယ်
ဘယ်ပြောင်းသွားတာလဲဘုရားဆိုတော့ မသိဘူး တဲ့ ကျွန်တော်လဲစိတ်မကောင်းဖြစ်မိတာပေါ့
ဒီလိုနဲ့မေ့သလောက်ရှိသွားရောဆိုပါတော့
နောက်၇နှစ်လောက်အကြာမှာ လမ်းပေါ်မျက်နှာချင်းဆိုင်တွေ့ပြန်ရော
ဆရာကကျွန်တော့်မျက်နှာကိုမကြည့်ဘူး
ကျွန်တော့်လက်ကနာရီကိုပဲကြည့်နေတယ်
အနားရောက်တော့ သုတ်သီးသုတ်ပြာနဲ့
*ကောင်လေး နာရီပါလား ဘယ်အချိန်ရှိပြီလဲ* တဲ့
ဆရာပုံစံခပ်နွမ်းနွမ်းကိုကြည့်ပြီး ကျွန်တော်တဒင်္ဂ ဆွံ့အနေမိတယ်
ပြီးမှသတိရပြီး ..ဆရာ...လို့ တိုးတိုးခေါ်လိုက်တယ်
ဒီတော့မှ ကျွန်တော့်ကိုမှတ်မိသွားတယ်
ဆရာကတိုက်ပုံအနွမ်းထဲက လက်ကိုင်ပုဝါကို ထုတ်ပြီး ချွေးသုတ်တယ် ဆရာ့ချွေးစတွေကြားထဲက ရှက်ရိပ်ကို ကျွန်တော်
မမြင်ချင်ယောင်ဆောင်တဲ့အနေနဲ့ လမ်းတစ်ဘက်
ခြမ်းက လ္ဘက်ရည်ဆိုင်ကို လှမ်းကြည့်ရင်း ပြော
လိုက်တယ်
*ဆရာအချိန်ရရင် မုန့်တစ်ခုခုကျွေးပါရစေ*
*အချိန်မရှိတော့ဘူးကွ..ကလေးသွားကြိုရအုံးမယ်
နောက်ကျနေပြီ* လို့ပြန်ပြောလိုက်တဲ့ ဆရာ့မျက်လုံးက ကျွန်တော့်နာရီဆီမှာ....
ကျွန်တော်ဘာမှပြန်မပြောနိုင်ခင်မှာပဲ ဆရာက
ကျွန်တော့်ဘေးကနေဖြတ်လျောက်သွားတယ်
ခြေလှမ်း ၁၅လှမ်းလောက်ရောက်မှကျွန်တော်ပြေး
လိုက်သွား လက်ကနာရီကိုချွတ်ပြီးလှမ်းပေးရင်း
ပြောလိုက်တယ်...
"ဆရာ..ဘယ်လိုမှမအောက်မေ့ပါနဲ့... ဒီနာရီလေးနဲ့
ဆရာ့ကိုကန်တော့ပါရစေ.."
ဆရာက စက္ကန့်ပိုင်းလောက်တွေဝေနေပြီးမှ လှမ်းယူရင်း ပြောတယ်..
"အေးကွာ ကျေးဇူးပဲ... နာရီကတကယ်လိုအပ်နေတာကွ...
မနက်အလုပ်သွားခါနီးဆိုလဲ ဟိုဘက်အခန်းသွားသွားကြည့်နေရတာ အလုပ်က
နောက်ကျလို့မရဘူးလေ... နာရီဝယ်မယ် ဝယ်မယ်
နဲ့ မဝယ်ဖြစ်ဘူး အခုတော့အဆင်ပြေသွားပြီး
သွားအုံးမယ်ကွာ ဟေ့ကောင်" လို့ပြောပြီး
သုတ်သုတ်သုတ်သုတ်နဲ့ ထွက်သွားတော့တာပဲ
ဆရာ့လိပ်စာကို မေးဖို့သတိရပေမယ့်
ပြောချင်ပုံမရဘူးထင်လို့ မမေးဖြစ်လိုက်တော့ဘူး...
အဲဒီနောက်ပိုင်းအခုချိန်အထိ ဆရာနဲ့လုံးဝ
မတွေ့ရတော့ဘူး တကယ်လို့အခုနေ ပြန်တွေ့ရမယ်ဆိုရင် ဆရာ့ကို နာရီတစ်လုံးနဲ့အတူ
မတွေရပါစေနဲ့လို့ပဲ ဆုတောင်းနေမိတော့တယ်
Chocobo De Mawgan
No comments:
Post a Comment