Chocobo De Mawgan
Friday, July 8, 2016
Dedicated To No Body
ပုံပြင်လေးအစက
ကောက်ရိုင်းပင်တွေကြား
ဇရက်တစ်သိုက် အစာရှာနေတဲ့
ကွင်းပြင်ကြီးထဲမှာပါ
နုန်းဆန့်ဆန်သဲမြေတွေ တွေရဲ့အစလို့လဲပြောလို့ရတယ်
အနုစိတ်ပျံ့လွင့်နေတဲ့ ငါးကြင်းကွက်တိမ်တိုက်တွေက
ကလေးတစ်ယောက်ရဲ့ စိတ်ကို
ဂယောင်ချောက်ချားဖြစ်စေနိုင်သလိုမျိုး
ခွေလိပ်လိပ် ဆံနွယ်တွေကြား
ပုန်းအောင်းနေခဲ့တဲ့လိပ်ပြာရဲ့
ရိုက်ကြီးတငင် ရယ်လိုက်တဲ့အသံဟာ
နှလုံးစည်ကို
သွေးအေးအေးနဲ့ ထုတ်ချင်းဖောက်သွားတယ်
ကောက်ရခဲ့တဲ့ ရွှေရုပ်ကလေးကို
ကိုယ်ပိုင်ဥစ္စာ မဟုတ်မှန်းသိသော်လည်း
ကိုယ့်ကိုယ်ကိုယ် မသိချင်ယောင်ဆောင်
လှည့်စားခဲ့မိတဲ့အပြစ်အတွက်
ခွင့်မလွှတ်ပါနဲ့
ငါနှလုံးသားထံ ငါတောင်းဆိုပါရစေ
#တစ်သက်တစ်ကျွန်းဝေဒနာခံစားစေ ဆိုတဲ့
အပြစ်ဒဏ်ကို ချမှတ်ပေးပါ
သွေးစွန်းနေတဲ့ အလှတရားတွေ
တစ်ပုံတစ်ပင်ပြည့်နှက်နေတဲ့
ငါ့ရာဇဝင်ထဲမှာပဲ
အပြီးအပိုင်
ကျောက်ချထားလိုက်တော့မယ်
ချိုကိုဘို
အင်းတွေ စမတွေမလိုပါ
ဂါထာတွေ မန္တာန်တွေမလိုပါ
မင်းမျက်စောင်းတစ်ချက်နဲ့တင်
အဖတ်ဆယ်မရအောင် ကြွေနေခဲ့ပြီးသား..
တွေးကြည့်ရာမလိုပါ
ပြေးကြည့်စရာမလိုပါ
အာရုဏ်အစ ဆည်းဆာအဆုံး
ဆည်းဆာအစ အာရုံအဆုံး
မင်းရှေ့မှာ
ငါသက်ကြွေခြင်းများစွာ
ခေါင်းစဉ်မလိုပါ
လက်မှတ်မလိုပါ
မင်းအပြုံးတစ်စက် စွက်ပေးရင်ပဲ
အသက်ငင်နေတဲ့ငါ့ကဗျာ
အသက်ဝင်သွားမှာပါ
ချိုကိုဘို
ရွက်ဖျင်တဲရဲ့အရှေ့မှာ မီးပုံလေးတစ်ပုံရှိတယ်
အရောင်မရှိတော့တဲ့ လူတစ်ကိုယ်လျောင်းသာရုံ
ပတ္တူ စတစ်ခုလည်းရှိတယ်
မြေကြီးပေါ်မှာ
ပြန့်ကျဲနေတဲ့ သောက်လက်စ ဆေးပေါ့လိပ်တိုတွေရှိတယ်
မီးညွန့် မီးလျံတွေထဲမှာ
ရေးလက်စကဗျာ အပိုင်းအစတွေရှိတယ်
ဒီနေ့ည ဘယ်ကဗျာကို အဆုံးသတ်ရမလဲဆိုတဲ့
မေးခွန်းအတွက်
ကြယ်ကြွေတွေကို သန်းခေါင်အထိရေတွက်ရပါဦးမယ်
မလွတ်တမ်းရေတွက်နိုင်ဖို့ မျက်တောင်မျှပင်မခတ်ရဲ
ကြယ်ကြွေတွေကြားထဲရောနှောပါလာတတ်တဲ့
တောကြောင်မျက်လုံးတွေကို စိစစ်ဖယ်ရှားရပါသေးတယ်
စူးစိုက်မှု ဟာ လမိုင်းရဲ့ အခြားအမည်တစ်ခု ဖြစ်ကြောင်း
သိလာခဲ့တာကြာပါပြီ
အထွေထွေအပြားပြားအရောင်စုံ အသွေးစုံအာရုံတွေဟာ
အရပ်ရပ်မှ တိုက်ခတ်လျက်ရှိကြတယ်
ငြင်းပယ်နိုင်စွမ်းမရှိ၍ ကြယ်ကြွေတွေနဲ့အတူ
ထည့်သွင်းရေတွက်လိုက်ရတယ်
အမျိုးအမည်မသိညည့်ငှက်တစ်ကောင်ရဲ့မြည်တမ်းသံဟာ
မီးညွန့် တွေကြားမှာ ကိုယ်ရောင်ဖျောက်သွားတာတွေ့လိုက်ရတယ်
တချက်တချက်လွင့်ပျံလာတဲ့ နာရီသံဟာ
ညကို တစ်ကြိမ်ထက်တစ်ကြိမ်
ပို၍ရင့်ကျက်လာစေတယ် ထင်မိတယ်
ရင့်ရော်လာစေတယ်လို့လဲထင်မိနေပြန်ရော
အလိုတူသော်ရှိမတူသော်ရှိ
အပြောင်းအလဲဆိုတာ
မဖိတ်ခေါ်ရောက်လာတတ်တဲ့ ဧည့်သည်ပေပဲ
ညည့်နက်လာတာနဲ့အမျှ မီးညွန်ု့လဲ ကျိုးလာခဲ့ပါပြီ
ရေတွက်ခြင်းတွေနဲ့အလုပ်ရှုပ်နေရတဲ့အတွက်
ထင်းလောင်စာ ထပ်ထည့်ဖို့ မေ့လျောနေမိတာလဲပါတာပေါ့
လျော့ပါးသွားတဲ့ မီးလျံတွေနဲ့အတူ
ကဗျာအပိုင်းအစအတော်များများ ပါသွားလေရဲ့
နောက်ဆုံး သန်းခေါင်ရောက်ချိန်မတော့
ပြာပုံအတိပဲကျန်ပါတော့တယ်
ကံကောင်းထောက်မစွာ
ပြာပုံကြားထဲကကဗျာတစ်စ
အနည်းငယ် ညိုးနွမ်းနေသည်မှအပ
အကောင်းပကတိနီးပါးပြန်ရလိုက်တယ်
ရေတွက်ရရှိတဲ့ ကြယ်ကြွေတွေကို
လက်ကျန်ကဗျာတစ်စနဲ့ စပ်ဟပ်ကြည့်တဲ့အခါ
ဆက်စပ်မှုက ပြဒါတစ်လမ်း သံတစ်လမ်း
အကြိမ်အတော်များများမှာ
မျက်လှည့်လို့ ယူဆနေရတာတွေကမှ
တကယ့်အမှန်တရားဖြစ်နေတတ်ကြတယ်
ချိုကိုဘို
Sunday, July 3, 2016
လွမ်းခင်းထဲက ငါ
လွမ်းခင်းထဲက ငါ
( လွင့်ရိပ် ခံစားသည် )
ဒီညချမ်းအေးလွန်းလှသည်။ ခိုက်ခိုက်တုန်နေသော နှုတ်ခမ်းတစ်စုံ သက်သာရန် အလိုငှာ လရောင်ကို လှုံစေချင်မိသည်။ဒီည ကြယ်တွေဘယ်စီ ခရီးထွက်သွားပါသလဲ။မိုးကုတ်စက်ဝိုင်းအနှံ့ ခြေဆန့်နေသော မုတ်သုန်အားတွေ့လျှင် ဖေးမကူညီကြ စေလိုပါသည်။သူ၏ကျောပေါ်၌ အလွမ်းများအား လေးလံစွာထမ်းပိုးထားသောကြောင့် ဖြစ်သည်။
တွဲဆက်ထားသော လက်တစ်စုံကို ဘယ်အရာက ကွဲကွာစေခဲ့ပါသလဲ။အတိတ်မှ အရာရာသည် ပြီးဆုံးသွားသော ဇတ်လမ်းတစ်ပုဒ် မဟုတ်ပါ။ ထို့ကြောင့် ကတိပေးမထားသိတိုင် သူပြန်လာမည့် အချိန်ကို ကျွန်တော်စောင့်မိဆဲ ဖြစ်သည်။ ကြည်နူးချိန်တွေသာ ပြန်ရနိုင်မည်ဆို အခုချိန်၌ မည်မျှလွမ်းရပါစေ တန်ပါသည်။
#မုတ်သုန်ဦးပွင့်လန်းစဉ်ကလို
ခံစားမှုမျိုးအတွက်ပေးဆပ်ခဲ့ရတာ တန်တယ်
ဝမ်းနည်းနေချိန်တောင် သိမ်သိမ်မွေ့မွေ့ ပြုံးတတ်အောင် ဟန်ဆောင်ကောင်းတုန်းလား။ သိချင်မိသည်။ အမြဲနူးညံ့နေသော သူမမှာ ဝမ်းနည်းမှုတွေ ဆက်လက်ဖြစ်ထွန်းနေတုန်းလား။ သိချင်မိသည်။ အဖြေမရှိသော မေးခွန်းနှင့် ကျွန်တော် လမ်းပျောက်စဲ ဖြစ်ကြောင်း သူမအား စကားစပ်၍သွားမပြောကြပါနှင့်။ သိမ်မွေ့စွာသော မျက်ရေများထပ်၍ကြွေမှာစိုးသည်။
ရိုးပျက်တောထဲ ပြန့်ကျဲနေသော အမှတ်တရများအား တစ်စစီ လိုက်စုနေမိသည်။ ဝဲဘက်ရင်အုံအတွင်းက နှလုံးသားမြေဆွေးတွေပေါ်မှာ သတိရခြင်းတွေ စတင်ပေါက်ရောက် နေပါပြီ။ မကြာခင် လယ်ကွင်းတစ်ခုလုံး အလွမ်းတို့ ဖွေးတော့မည်။ မျက်ရည်မိုးသည် ရာသီမရွေး စွေ,စွေနိုင်လွန်းသည်။
#မျက်ရည်တွေနဲ့ လှပနေတဲ့ ပြုံးမျက်ဝန်း
အရမ်းကို နူးညံ့ သိမ်မွေ့လျှက်
#အလွမ်းတစ်ကျီစာ ပျိုးထားတာလဲ
စိုက်ခင်းထဲပြောင်းစိုက်ရဦးမယ်
#မြေသြဇာအတွက်
မျက်ရည်တွေ အလုံအလောက် ရှိပြီးသားပဲ
ပိတ်လိုက်သော ဒိုင်ယာရီထဲမှာ သူမအကြောင်းတွေ တခမ်းတနား ပါဝင်မြဲဖြစ်သည်။ နင်နှစ်သက်ဖူးသော ဥသြရဲ့လွမ်းတေးဟာ သာယာတာ သေချာပါရဲ့လား။ တူနဲ့အထုခံရတဲ့ ပတ္တလားသံဟာ သာယာတာ သေချာပါရဲ့လား။ အခါလွန်မိုး တစ်စက်နှစ်စက်နဲ့ အလွမ်းမီး မငြိမ်းနိုင်တာတော့ သေချာလွန်းခဲ့ပြီ။
ဘဝတစ်ခုလုံး ဆက်လက်ရွက်မလွှင့်နိုင်အောင် အလွမ်းက မြဲမြံလွန်းလှသည်။စောင့်ရကြာခဲ့ပြီ။ ရထားကား မျှော်လင့်ထားသလောက် မမြန်ဆန်ခဲ့ပါ။
မကြာတော့ပါဘူးဆိုတဲ့ နေရာမှာ သူ့စကားသံလေးဟာ အခါခါတိမ်ဝင်သွားခဲ့ရသည်။ဖြစ်နိုင်လျှင် ချစ်သူကို ပွေ့ဖက်ချင်သည်။ အားပေးချင်သည်။ ဆုံနိုင်ခွင့် သည်သာလျှင် တစ်ခုတည်းသော ပျော်ရွှင်စရာ မျှော်လင့်ချက်မဟုတ်ပါလား။
#နှစ်ကိုယ်ဆုံတွေ့ခွင့်ရမဲ့
ရိတ်သိမ်းရာသီအတွက်
တံဇဉ် မြမြ
သွေးထားကြစို့လား ချစ်သူ။
ရနိုင်မည်ဆိုလျှင် နောက်ပြန်လည်သော နာရီတစ်လုံး သို့မဟုတ် မြန်မြန်သွားသော နာရီတစ်လုံး လိုချင်မိသည်။ ဘုရားရှေ့က ဖိနပ်ကလေးလဲ အဖော်မဲ့ လွန်းလှပြီ။ ကြယ်ရောက် လကလက်အောက် နှစ်ယောက်အတူ ရှိချင်လာပြီ။ မင်းရင်ခွင်မှာ အိပ်စက် နားခိုချင်လှပြီ။အချိန်မည်မျှ စောင့်ရဦးမည်နည်း။ မသိပါ။ မသေချာပါ။ သို့သော် သူမနှင့် ပြန်တွေ့သောအခါ အချိုသာဆုံးပြုံးပြရန် ပြင်ဆင်ထားမြဲဖြစ်သည်။
လွင့်(ရိပ်)
ကဗျာ-လွမ်းခင်း/ချိုကိုဘို
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း
ကိုကာကိုလာယဉ်ကျေးမှုနဲ့
ဘယ်တော့မှအသားကျမှမဟုတ်တဲ့ငါ
အသားကျဖို့လဲကြိုးစားမှာမဟုတ်
အရာရာ၌ရောင့်ရဲတင်းတိမ်နိုင်စွမ်းကိုသာလျင်
ငါအတပ်မက်ဆုံး
အများသုံးဘဝအောင်မြင်ခြင်းပေတံတွေဟာ
ငွေချီးစော်နံကနံသနဲ့
ငါဂရုစိုက်တာ
အလှမ်းကျဉ်းကျဉ်းနဲ့
အလယ်လတ်နေတတ်တဲ့ အထဲမှာမပါဖို့ပါ
မည်သို့ဆိုစေ
ငါ့ရဲ့ကောင်းကင်ဟာ
ငါ့တစ်ကိုယ်စာအတွက်တော့
ကောင်းစွာလုံလောက်နေပြီးသား
Chocobo
အရောင်မဲ့ချင်ခြင်း
အရောင်မဲ့ချင်ခြင်း
ပထမကဇာတ်ရုံ၌....
#ရောင်စုံကားလိပ်ဖွင့်
#အရောင်အသွေးစုံလူတွေထွက်လာကြ
ငိုကြရီကြ
ချစ်ကြ မုန်းကြ
ကြင်နာကြ နာကြင်ကြ နာကြည်းကြ
တွဲကြ ကွဲကြ
နောက်ဆုံးကားလိပ်ချ
ဒုတိယကဇာတ်ရံ၌
ထူးမခြားနား....
တတိယကဇာတ်ရုံ၌
ထိုနည်းနှင်နှင်....
ဟူး....မောလိုက်တာ
#အရောင်မဲ့ပြဇာတ် တစ်ပုဒ်လောက်
ကြည့်ချင်ပါတယ်ဆို
Nowhere မှာတော့ပြမလားမသိ
ဒါမှမဟုတ်
ကိုယ်တိုင်ရေး ကိုယ်တိုင်ကရ
ကောင်းမလားပဲ ....
......... ........
...................
တာအို...
ဒီအချိန်မှာလက်ခနဲ ပွင့်သွားတဲ့အသိတစ်ခု
ငါ့ရဲ့ ဆန္ဒတွေကို
အရောင်မဲ့အောင် အရင်လုပ်ဖို့လိုတာကိုး
Chocobo
ကိုယ်တိုင်းမသိရသော နေ့စွဲများ ၃
ကိုယ်တိုင်းမသိရသော နေ့စွဲများ ၃
ကာလရှည်ကြာ
တစ်ခန်းတည်းဆက်ကာဆက်ကာမက်ခဲ့တဲ့
အခန်းဆက်အိပ်မက်တွေ စွန်းထင်းနေတဲ့
နံရံပေါ်ကဂျာကင်အဟောင်းကြီးထဲမှ
ဖားပျံတစ်ကောင်ခုန်ထွက်လာတယ်
ဗွေပေါက်နေတဲ့ အလွမ်းတွေဟာ
ချုပ်ရိုးမဖြေရသေးတဲ့
နံရံအက်ကြောင်းတွေထဲက တစိမ့်စိမ့်ထွက်နေတယ်
ဖောင်းပွစာလုံးတွေဟာ
လေထဲမှာ ဟိုမှသည် သည်မှဟို
လူးလာဆန်ခတ်ဝဲပျံလျက်
တချို့အချင်းချင်း ထိခိုက်မိပြီးပြုတ်ကျကုန်ကြတယ်
ပလတ်စတစ်ပန်းနဲ့ ခေါင်ရမ်းပန်းရောထိုးထားတဲ့
ပန်းအိုးဟာ ဘာအကြောင်းကြောင့်မှန်းမသိပဲ
စားပွဲပေါ်မှာ ကဗျာစာအုပ်အဟောင်းတွေကြား
ထပြီးခုန်ပေါက်နေတယ်
ခေါက်သိမ်းလို့ရတဲ့ ဖန်ခွက်တွေဟာ
ရေသန့်ရေခဲတုံးတွေကိုသယ်ဆောင်ပြီး
အခန်ထဲ ဝင်လိုက်ထွက်လိုက်နဲ့
အလုပ်များနေကြတာ
ခေါက်သိမ်းရတဲ့ဆီတောင် မရောက်ဘူး
"ဟိုဟိုဒီဒီပြန့်ကျဲနေတဲ့ အရိပ်တွေဟာ
နေရောင်နဲ့အတူပါလာတာလား
နဂိုကတည်းကရှိနှင့်တာလား" ဆိုတဲ့မေးခွန်းဟာ
ဒီနေ့ရဲ့ အထူးခြားဆုံး အမြည်းပါပဲ
ချိုကိုဘို
Featured Post
".'.'.'CHO" ( New Version.FEB 2016 )
".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း နွေတစ်ရာကိုမြုပ်နှံရာ သင်္ချုင်းမြေရဲ့ပရဝုဏ်မှာ နှင်းမြူတို့...
-
ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်း ကိုကာကိုလာယဉ်ကျေးမှုနဲ့ ဘယ်တော့မှအသားကျမှမဟုတ်တဲ့ငါ အသားကျဖို့လဲကြိုးစားမှာမဟုတ် အရာရာ၌ရောင်...
-
###ပန်းသီးတစ်လုံး၏အသည်းကွဲနိဒါန်း(ခ)နိဂုံး### နတ်နေကိုင်း, ကြယ်မျက်ရည်(ထီလာ), လက်ယာ, ချိုကိုဘို ပန်းသီးတစ်လုံးကပေးခဲ့တဲ့……… ဒဏ်ရာဒဏ်ချက်ေ...
-
ထိုအချိန် ထိုနေရာ (ဝါ) ကျွန်တော်စောချင်သောသေငယ်ဇော (ဝါ) Infinity သို့တိမ်းညွတ်ခြင်း ကျွီခနဲအပွင့် အနုတ်တွေထွက်သွားတယ...