ပဋိပက္ခတောင်ပံအခတ်မှာ ပျက်ကျသွားတဲ့
နေကိုဒသမအကြိမ်တွေ့ရှိခိုက်ရေးသောကဗျာ
အစမ်းခန့်ကာလအတွင်း
ရာထူးတက်သွားပြီး
အတည်ပြုခန့်ရမဲ့အချိန်ကျမှ
ပြုတ်စော်နံသွားတာမျိုးကြုံးဖူးကြပါသလား
အငြိမ့်မှန်သမျှ လက်ထောက်မင်းသမီးက
ရှေ့ထွက်မင်းသမီးအဖြစ်
အရှေ့ကထွက်ပြီး အရင်ထွက်သွားရတဲ့
ထုံးစံကိုမုန်းတယ်
လမ်းမကြီးတွေကိုယ်တိုင်က
လမ်းသွယ်တွေကို
လမ်းစားရင်းမသွင်းသလို
အပြုအမူမျိုးတွေကိုလဲမုန်းတယ်
#အရမ်း ဆိုတဲ့ ကြိယာဝိသေသနကို
တချို့က #ရမ်းသန်း လို့
အဓိပ္ပါယ်ကောက်ကြတာကိုလဲမုန်းတယ်
ကိုယ်ချင်းစာတရားဟာ
ဝါးလက်ခုပ်လို နှစ်ဘက်ရှိမှ
အသက်ဝင်ပြည့်စုံတာမျိုး
ကိန်းသေက ကိန်းသေရဲ့အလုပ်ကို
မလုပ်တော့တဲ့အခါ
ညီမျှခြင်းဟာ
အတိုတစ်ချောင်း အရှည်တစ်ချောင်း အဖြစ်နဲ့
အပေါ်ဝိတ်များပြီး ပြိုကျသွားတတ်ပါတယ်
တစ်ဆိတ်ကို ရေနူးရင် ချက်ချင်းလိုလိုတစ်အိတ်ဖြစ်သွားနိုင်ပေမယ့်
တစ်အိပ်ကိုတစ်အိတ်ဖြစ်သွားအောင်နေလှန်းဖို့
အချိန်အတော်ယူရပါလိမ့်မယ်
ကံမကောင်းရင်
နေမသာခိုက်တောင်ကြုံနိုင်သေး
အကြွင်းမဲ့အဖြစ် လက်ခံနိုင်ဖို့
အကြွင်းတွေကို
မျက်စိစုံမှိတ်
မသိချင်ယောင်ဆောင်ခဲ့ပေါင်းလဲ များပါပေါ့
Chocobo
No comments:
Post a Comment