Wednesday, January 20, 2016

သဘာဝသို့ ပထမအကြိမ်သို့တိမ်းညွတ်ခြင်း

သဘာဝသို့ ပထမအကြိမ်သို့တိမ်းညွတ်ခြင်း

အိုဘယ့်...မိခင်... သဘာဝအရှင်
သားတော်၏ ချစ်ခြင်းတေးကို
နားဆင်တော်မူပါ....

နံနက်ခင်းတစ်လျောက်
တစ်ပိုင်းတစ်စအိပ်မက်ကို
ဖွဖွဆိုညည်းလျက် လျောက်ခဲ့ပါသည်

သားတော်တစ်ကိုယ်လုံး စိုရွဲသွားသည်အထိ
ပန်းများရွာချပေးပါ

သိမ်မွေ့နုညက်သော
ရောင်နီဦးရဲ့ အမြီးမှာ
တွဲလွဲခိုခွင့်ပြုပါ

မွှေးမြချီိုအီသော
မြေသင်းနံ့ တို့ဖြင့်ဖြန်းပက်ပေးပါ

ကြက်သီးဖျန်းနွေးရုံမျှသော
အလင်းစက်တို့ ဖြင့်
အထူးညင်သာစွာ သွန်းပက်ပေးပါ

အစီအစဉ်တကျ တီးမှုတ်အပ်သော
ငှက်ကျေးတို့၏ ဂီတကို
ကြားနိုင်စွမ်းသော နားကိုပေးပါ

မြူနှင်းမှုန်တို့၌ ရောင်ပြန်ဟပ်သော
အလင်းတန်းတို့ကို
မြင်နိုင်စွမ်းသော မျက်လုံးကို ပေးပါ

ကြည်လွင်သောကောင်းကင်ယံ၌
တိမ်လွှာတိမ်ပန်းများ လွတ်လပ်စွာ ပျံဝဲနေပါစေ

စိမ့်စမ်းတို့သည်
#တသွင်သွင် မည်သောဂီတကို
စဉ်ဆက်မပြတ် ဖန်တီးသီကြွေးနိုင်ပါစေ
ရေတံခွန်တို့သည်
#တဝေါဝေါ မည်သောတေးသွားကို
အခါမလပ် ဟစ်ကြွေးပေါက်ကွဲနိုင်ပါစေ

ဥယဉ်မှူးတို့သည်
မိမိလက်ဖြင့်ပျိုးသောပန်းကို
ကိုယ်တိုင်ကိုယ်ကျပန်ဆင်နိုင်ခွင့်ရှိပါစေ

အငွေ့ပျံရော့ပါးသွားသော
ပင်လယ်ရေတို့အား အလဟဿ
မဖြစ်ပါစေနှင့်
ရောက်သင့်ရောက်ထိုက်သောနေရာသို့ ပို့ဆောင်ပေးပါ

ကွင်းပြင်၌ လည်းကောင်း
ကျတ်တီးမြေ၌ လည်းကောင်း
ကုန်းမြင့်ထက်၌်လည်းကောင်း
ပင်လယ်ကမ်းစပ်၌်လည်း
နေတိုင်း၌
အမှိုက်မပစ်ရ ဆိုင်းဘုတ်များ
ပျောက်ကွယ်ပါစေ

ကာလအားဖြင့် သုံးပါးစလုံးမပေးပါနှင့်
ပစ္စုပ္ပန်တစ်ခုကိုသာ
မပျက်မကွက် ချီးမြှင့်ပေးပါ
အတိတ်ကိုပေးလိုလျင်
ဥပေက္ခာနှင့်အတူတွဲ၍ပေးပါ
အနာဂတ်ကိုပေးလိုလျင်
စိတ်ကြိုက်ဘွတ်ကင်နိုင်ခွင့်နှင့်အတူတွဲ၍ပေးပါ

ယမ်းခိုးငွေ့တို့ ဝေ့သောရာသီကို
မပေးပါနှင့်

ကြောင်ကလဲ ကြွက်မခုတ်ပါစေနှင့်
ကြွက်ကလဲကြောင်ခုပ်ပါစေနှင့်
မိခင် ကျန်းမာပါစေ...

ချိုကိုဘို

No comments:

Post a Comment

Featured Post

".'.'.'CHO" ( New Version.FEB 2016 )

".'.'.'CHO" ( New Version.FEB 2016 ) ၁ နိဒါန်း ​နွေတစ်​ရာကိုမြုပ်​နှံရာ သင်္ချုင်း​မြေရဲ့ပရဝုဏ်​မှာ နှင်းမြူတို့...