ပဋိပက္ခတောင်ပံအခတ်မှာကောင်းကင်မှားတဲ့တိမ်ကို
ပြန်လည်ပြင်ဆင်ရန်ရေးသောကဗျာ
ရေသောက်ပြီးတိုင်းအစာမကြေဖြစ်နေရတာ
ဘယ်တော့မှအနည်မထိုင်တတ်တဲ့စိတ်ကြောင့်ပါ
အကြွေးကြေတာတောင်အတိုးကတက်နေတုန်း
*မည်သို့ဆိုစေငါသည်
ဂြိုဟ်သားတစ်ယောက်ဖြစ်သည်* ဆိုတဲ့နှစ်ပါးခွင်တေးတစ်ပုဒ်ကို အလွတ်ကျက်နေဆဲမှာပဲ ပတ်မကြီးပျောက်သွားခဲ့ရတယ်
သံစဉ်တွေကွာကျသွားတဲ့ ညရဲ့နံရံမှာ
ဘာပုံမှမပေါက်တဲ့
graffiti တစ်ခု ရွံ့ဆေးနဲ့ ရေးဆွဲနေတယ်
တစ်စုံတစ်ရာအတွက်ဖွင့်ထားတဲ့
ပြတင်းတံခါးတို့ဟာ
တဝုန်းဝုန်းငိုကြွေးမြည်တမ်းလျက်
ညည့်လွဲတေးကို တကျွီကျွီသီလျက်...
အများထင်သလို ကောင်းကင်ပြိုကျသွားခြင်းမဟုတ်ပါ
ကောင်းကင်ပျောက်ဆုံးသွားခြင်းသာဖြစ်တယ်
မှတ်မှတ်ရရ အဲဒီညက တိမ်ပြည့်ညတစ်ခုပါ
ပုစ္ဆာထုတ်တာ အဖြေလိုချင်လို့ပဲ ဖြစ်စေချင်တာပါ
မဖြေနိုင်တဲ့ကျောင်းသားရှာချင်လို့ထုတ်တဲ့ပုစ္ဆာဟာ
မှားတယ်
အရစ်ပြုန်းသွားတဲ့ အပြုံးတွေဟာ
နှုတ်ခမ်းစွန်းမှာ ပြုတ်ကျလုတဲတဲ
အကြင်အရပ်၌အချစ်မရှိ ထိုအရပ်၌အမုန်းမရှိ
အကြင်အရပ်၌အချစ်မရှိ ထိုအရပ်၌အမုန်းရှိ၏
အကြင်အရပ်၌အချစ်ရှိ၏ ထိုအရပ်၌အမုန်းရှိ၏
အကြင်အရပ်၌အချစ်ရှိ၏ ထိုအရပ်၌အမုန်းမရှိ
ဒါဟာ
ကျွန်တော်နားလည်တဲ့ အရပ်လေးမျက်နှာပါ
ကျွန်တော်ခြေဦးလည်တာကတော့
နောက်ဆုံးအရပ်တစ်ခုတည်းသာ
Chocobo
No comments:
Post a Comment