ကြေးမုံတစ်ချပ်၏ ကိုယ်တိုင်ရေးအတ္တုပတ္တိ
ကျွန်တော့်မှာခေါ်စရာနာမည်ရယ်လို့တော့သီးခြား
မရှိပါဘူး ကျွန်တော့်ကို ကိုယ်ပိုင်နာမည်ပေးရ
ကောင်းမှန်း ကျွန်တော့်ကို အဆင့်ဆင့်ပိုင်ဆိုင်ခဲ့သူတွေက စဉ်းစားမိခဲ့ပုံမရဘူးလေ
လွယ်လွယ်ကုကူ *ပုံရိပ်* လို့ပဲခေါ်လိုက်ကြစို့ရဲ့
အဲ.....ကျွန်တော်နဲ့လိုက်ပါတယ်နော်....
ကျွန်တော့်ကိုမွေးဖွားပေးလိုက်တာက စက်ရုံတစ်ရုံ
ကပါ အဲဒီကနေ ကားနှစ်ဆင့်သုံးဆင့်စီးပြီး ကုန်တိုက်တစ်ခုကိုရောက်လာတာသိပ်မကြာခင်မှာပဲ ကောင်မလေးတစ်ယောက်ကကျွန်တော့်ကို
အပြီးအပိုင်ဝယ်သွားတယ်
ကျွန်တော့်ဇာတ်လမ်းရဲ့အစက အဲဒီကနေစခဲ့တာပါ
ကောင်မလေးလား ခင်ဗျားတို့ထင်တဲ့အတိုင်းပါပဲ
လှတပတလေး
တကယ်ကိုချစ်စရာလေးပါဗျာ သူလေးကကျွန်တော့်ကိုရတော့ပျော်နေတဲ့ပုံ ခင်ဗျားတို့ကိုမြင်စေ့ချင်တယ် သိလား
ဩော် ....ဘယ့်နှယ်ပြောပါလိမ့်
သူပျော်တော့ ကျွန်တော်လဲပျော်တာပေါ့
အဲဒီနေ့က မှတ်မှတ်ရရ သူ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့ ဆိုတာကောင်းကောင်းမှတ်မိနေတယ်
သူနဲ့ကျွန်တော် စပြီး ဆုံဆည်းတဲ့နေ့ ...
တစ်နည်းပြောရရင်
ကျွန်တော်ဟာ ကျွန်တော်ဖြစ်သွားတဲ့နေ့....
တစ်နည်းပြောရရင်
ကျွန်တော်ဟာသူမဖြစ်သွားတဲ့နေ့.....
တစ်နည်းပြောရရင်
ကျွန်တော်ဟာ ကျွန်တော်တဝက် သူမတဝက်
ဖြစ်သွားတဲ့နေ့...
သူလေးမှာနာမည်တော့ရှိတာပေါ့
ကျွန်တော်ကတော့ကျွန်တော်တစ်ဦးတည်းခေါ်ဖို့
သီးသန့်နာမည်ပေးထားတာရှိတယ်
ပြောပြလို့မရတာတော့ စိတ်မရှိပါနဲ့
ကျွန်တော်တစ်ဦတည်းပဲသိတဲ့ ကျွန်တော့်ရင်ဘတ်
ထဲမှာပဲအသံထွက်တဲ့ နာမည်မို့လို့ပါ
........ကြွားရအုံးမယ်
သူလေးကကျွန်တော့်ကို သ်ပ်ချစ်တာဗျ သိလား
အရိပ်တကြည့်ကြည့်နဲ့
အခန်းထဲဝင်လာတာနဲ့ကျွန်တော့်ကိုအရင်ကြည့်ရမှ ဒီကြားထဲမှာလဲ ကြည့်လိုက်တာဆို ခဏခဏ
ပြန်ထွက်တော့မယ်ဆိုလဲ ကြည့်ပြန်တာပဲဗျို့
ဘယ်လောက်အရေးကြီးတဲ့ကိစ္စရှိနေပလေ့စေ
ကျွန်တော်ကိုမကြည့်ပဲထွက်သွားတာလို့ တစ်ခါမှမရှိဖူးဘူး ...
အဲလောက်ချစ်တာ...
ကျွန်တော့်ကိုသူ့ အခန်းထဲမှာ ဟိုနေရာထားလိုက်
ဒီနေရာရွှေ့လိုက်လိုက်နဲ့ အမျို့းမျိုးစိတ်တိုင်းကျခြယ်လှယ်နေတော့တာပဲ
သိတဲ့အတိုင်းပဲလေ ကျွန်တော်ကလဲ ဒါကိုပဲကျေနပ်နေတာ ပြုံးပြုံး ပြုံးပြုံးနဲ့
ရွှေစိတ်တော်အလိုကျဆိုတာ ဒါမျိုးကိုခေါ်တာ
ထားရာနေ ဆိုတာ ဒါမျိုးကိုပြောတာ
အဲဒီကာလတွေဟာ ကျွန်တော့်အတွက်တော့
( ခင်ဗျားတို့စကားငှါးပြောရရင် ) တကယ့်ကို
#Heaven ပါပဲဗျာ ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလဲ
သာယာပြီးရင်းသာယာရင်း ဘာပြောကောင်းမလဲ
မီးကုန်ယမ်းကုန်ပျော်ဖို့်ကောင်းခဲ့တာပေါ့
အဲသလိုနေလာရင်းနဲ့
တစ်လကျော်ကျော်လောက် အကြာမှာ ထူးခြားတဲ့နေ့တစ်နေ့ကိုရောက်လာတယ်
အဲဒီနေ့ကသူအပြင်ကပြန်လာတော့ အူယားဖားယားနဲ့ ကျွန်တော့်ကိုတစ်ချက်တောင်လှည့်မကြည့်ဘူးဗျ
ကျွန်တော်ရှိနေတာတောင်သတိထားမိပုံမရပါဘူး
သူ့ကျောပိုးအိတ်လှလှလေးထဲက စာတစ်စောင်
ကို အသည်းအသန်ထုတ်ဖတ်တယ်
သူ့မျက်နှာလေးဟာလဲ ကျွန်တော်တွေ့ဖူးသမျှထဲမှာ
အဝင်းပဆုံး သူမျက်ဝန်းတွေ တလဲလဲ့တောက်ပနေလိုက်ကြတာများ
အရည်လဲ့နေတာပဲဆို
ခါတိုင်းထက်ကိုအများကြီးပိုပြီးချစ်စရာကောင်းနေတာများ အခုထိမျက်လုံးထဲကမထွက်ဘူး
အရမ်းကိုပျော်ရွှင်ကြည်နူးနေတဲ့ပုံပါဗျာ
စာကိုမတ်တပ်ကြီးတစ်ခါဖတ်တယ် အရမ်းချစ်စရာ
ကောင်းတဲ့အသံနဲ့ #ခ် ကနဲ တချက်ရယ်တယ်
အိပ်ရာထဲပစ်လှဲပြီးတစ်ခါဖတ်ပြန်ရော
ပြီးတော့ စာကို သူ့ ရွှေရင်မို့မို့ ပေါ်တင်ပြီး မျက်လုံးလေးမှိတ်ထားတာ ၃ မီနစ်လောက်ရှိမယ်
ပြီးတော့တစ်ခါ ထပ်ဖတ်ပြန်ရောပဲဗျ
အဲလိုမျိုးနဲ့
ဘယ်နှစ်ကြိမ်လဲတောင်မမှတ်မိအောင်ဖတ်နေတာ
ပန်းရောင်စာရွက်လေးဟာကျွန်တော်ကြည့်နေရင်းနဲ့အရောင်ပြောင်းသွားမလားလို့်တောင်ထင်မိတယ်
အချိန်အတော်ကြာတော့မှ လူးလဲထ ကျွန်တော့်
ရှေ့မှာလာထိုင်ပြီး ကျွန်တော့်ကို ပြုံးဖြီးဖြီးနဲ့ကြည့်တယ်
သူကျွန်တော့်ကို တဒင်္ဂမေ့သွားမိတဲ့အတွက် ပြန်ချော့တဲ့သဘောလားတော့မသိ
ကျွန်တော့်ကို အကြာကြီးစိုက်ကြည့်နေတာ
ကျွန်တော့်ကိုကြည့်ဖူးသမျှထဲမှာ ဒီတစ်ခါအကြာဆုံး
ကျွန်တော်ကတော့ ဘယ်လိုပြောရမလဲ ဝမ်းနည်းဝမ်းသာပေါ့လေ....
အဲဒီနေ့နောက်ပိုင်း သူ့ အမူအရာတွေဟာ သိသိသာသာပြောင်းလဲသွားတယ်
သူ့ခံစားချက်တွေက ဒီဂရီပိုမြင့်လာတယ်
ပျော်တာ ဝမ်းနည်းတာ စိတ်ဆိုးတာ စိတ်ကောက်တာ အားလုံးဟာ ခါတိုင်းထက်ထူးထူး
ခြားခြား ပိုကဲနေတာ သိသာတယ်
ကျွန်တော်က သူ့ကို အရိပ်တကြည့်ကြည့် နေလာတဲ့အကောင်ဆိုတော့ သူ့ပြောင်းလဲမှုကို
ကောင်းကောင်းသတိထားမိတာပေါ့
နောက်ထူးခြားမှုတစ်ခုက ကျွန်တော့်ကိုကြည့်တိုင်း
ခါတိုင်းထက်ပိုပြီးအချိန်ယူတာပဲ
ကျွန်တော်ကတော့ သူ့မျက်ဝန်းတွေရဲ့အဓိပ္ပါယ်ကို
ကျွမ်းကျင်ပြီးသားပါ သူ့မျက်နှာရိပ်မျက်နှာကဲကိုဖတ်တာဟာ ကျွန်တော်အကျွမ်းကျင်ဆုံး ဘာသာစကားလို့တောင် ပြောလို့ရတယ်ဗျ သိလား
သူကျွန်တော့်ကိုကြည့်နေပေမယ့် သူစိတ်က
ကျွန်တော့်ဆီမှာမရှိဘူးဆို ကျွန်တော်ဝမ်းနည်းစွာနဲ့
နားလည်နေတယ်လေ
ကျွန်တော်ဟာ သူ့ရုပ်ကိုရော စိတ်ကိုပါ ပုံရိပ်ထင်နိုင်တဲ့အစွမ်းရှိတဲ့ကောင်ပါ
ကျွန်တော်ကကြေးမုံတစ်ချပ်ဆိုတာ ခင်ဗျားတို့
သတိရပေါ့
စတွေ့ခါစက အမြဲလွတ်လပ်ပေါ့ပါးနေတတ်တဲ့
သူလေးဟာ နောက်ပိုင်း ရီဝေနေတဲ့ အနေအထားမျိုးတွေ တဖြည်းဖြည်းများလာတယ်
သူ့မျက်နှာလေး ညှိုးနေတာဟာ
ကျွန်တော်အတွက်က အောက်ဆီဂျင်မလုံလောက်မှုပါပဲဗျာ
အခန်းထဲမှာ ကျွန်တော်တစ်ယောက်လုံးရှိနေတာ
လုံဝသတိမထားမိတော့တဲ့အထိ ယောက်ယက်ခတ်နေတဲ့အခါမျိုးတွေမှာ
ကျွန်တော့်ကိုယ်အတွက်ထက် သူ့အတွက်ကိုပိုပြီး
ဝမ်းနည်းမိရတယ်
ဒီလိုနဲ့ပဲ....နောက်ဆုံးညရောက်လာတယ်
ကျွန်တော်တို့တွေ့ဆုံခြင်း တစ်နှစ်ပြည်တဲ့နေ့
သူ့အသက်၁၉ နှစ်မြောက်မွေးနေ့
အဲဒီနေ့မှာ မွေးနေ့ပွဲလဲ မကျင်းပဖြစ်ဘူး
ဘာအကြောင်းကြာင့်လဲဆိုတာ ကျွန်တော်လဲ သေချာမသိပေမယ့် သိတော့သိနေသလိုပဲ
အဲဒီညက အခန်းထဲမှာ မီးတွေပိတ်ပြီးအမှောင်ချထားတယ်
သူလေးဟာ ပြတင်းပေါက်ဘေးနားမှာ တစ်ညလုံး
ထိုင်ပြီး မျက်ရည်တွေကျနေတာ ပြတင်းပေါက်က
ဝင်လာတဲ့ကြယ်ရောင်နဲ့ ကျွန်တော့်မှာ
မမြင်ချင်ရက်အဆုံး...
မမြင်ရက်ပေမယ့် မကြည့်ပဲလဲမနေနိုင်ဘူးလေ...
တကယ်တော့
ကျွန်တော်ဟာ သူ့ရဲ့ကြေးမုံဖြစ်သလို
သူဟာလဲ ကျွန်တော့်ရဲ့ကြေးမုံလေးပါပဲ
အခုနေကျွန်တော်အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပြောပါဆိုရင် သူမရဲ့ အိပ်စက်ခြင်း ဖြစ်ချင်ပါတယ်
လူသားတွေဟာ ကြေကွဲဝမ်းနည်းမှုကို မျက်ရည်နဲ့
ဖွင့်ချလို့ရသေးတယ်
ကျွန်တော့်မှာတော့ သူမရဲ့ကြေကွဲမှုကို
ကျွန်တော့် ကြေကွဲမှုအဖြစ် ရင်ဘတ်မှာ
အရိပ်ထင်နေရုံကလွဲပြီးဘာမှမတတ်သာတဲ့
အခြေအနေမှာ အသက်ရှုကျပ်နေရတယ်
တစ်စစီကြေမွအက်ကွဲနေတဲ့ ကြေးမုံတစ်ချပ်အဖြစ်
ကိုယ်ကိုယ်မြင်ယောင်လာတယ်
တကယ်တမ်းရုပ်ပိုင်းဆိုင်ရာကွဲကြေ
သွားခဲ့ရင်တောင်အခုလိုနာကျင်မှုမျိုးကို မှီမှာမဟုတ်ဘူးလို့ သေချာပြောရဲပါတယ်
အဲဒီညဟာ သူ့အတွက်ရော ကျွန်တော့်အတွက်ပါ
ညတာအရှည်ဆုံးဖြစ်ခဲ့တယ် အမှောင်ဆုံးလည်း
ဖြစ်ခဲ့တယ် အဲဒီတုန်းကပျောက်ဆုံးသွားတဲ့
သူမရဲ့အိပ်စက်ခြင်းတွေကို ပြန်ရှာပြီး လက်ဆောင်အဖြစ်ပြန်ပေးလို့ရရင်သိပ်ကောင်းမှာပဲလို့ အကြိမ်ကြိမ်တွေးမိတယ်
နောင်တစ်ချိန်ဆိုတာရှိခဲ့ရင်ပေါ့လေ
မနက်မိုးလင်းပြီးလို့သိပ်မကြားခင်ကောင်မလေးလဲ ရေမိုးချိုးအဝတ်အစားလဲပြီးနေပြီ
အဲဒီအချိန်မှာ
အပြင်ဘက်ဧည့်ခန်းထဲက ကြားဖူးသလိုရှိတဲ့ ယောက်ကျားကြီးတစ်ယောက်ရဲ့အသံကို
ဟောင်ဖွာဟောင်ဖွာကြားရတယ်
အိမ်သားထဲကမဟုတ်တာသေချာတယ်
ဒီအိမ်သားတွေ သူ့လောက် စကားကျယ်ကျယ်
ပြောကြတာမဟုတ်ဘူး
ကျွန်တော့်ကောင်မလေးဆို သာတိုးသေး
ခဏကြာတော့ ကောင်မလေးရဲ့ အမေဝင်လာပြီး
တိုးတိုးတိုးတိုးပြောပြီးဆွဲခေါ်သွားတယ်
သူလေးကတွန့်ဆုတ်တွန့်ဆုတ်နဲ့ပါသွားလေရဲ့
အဘွားကြီးပြောတာ အကုန်မကြားလိုက်ပေမယ့်
#သူတို့သမီး ဆိုတာကိုတော့ ပီပီသသ
ကြားလိုက်ရတယ်
ကောင်မလေး ကျွန်တော့်ရှေ့ကဖြတ်အလျောက်
သူဆီကကိုယ်သင်းနံနဲ့အတူ ဓာတ်ပုံတစ်ပုံ ကျကျန်
နေခဲ့တယ် ကျွန်တော်ကြည့်လိုက်တော့
အသက် ၁၉/၂၀ အရွယ်လောက်
ဂျင်းဘောင်းဘီနဲ့ တီရှပ်အပြာလေးဝတ်ထားတဲ့
ဆံပင်ခပ်ရှည်ရှည်ကောင်လေးတစ်ယောက်ရဲ့ပုံ
ဒါဟာသူလေးကိုကျွန်တော်နောက်ဆုံး
တွေ့လိုက်ရတာပဲ အခု.....မပြောချင်တာကိုပြောရပါတော့မယ်
ကောင်မလေးကိုလာခေါ်သွားတဲ့ လူကြီးလေ
သူကကျွန်တော့်ကို ထုတ်လိုက်တဲ့ စက်ရုံပိုင်ရှင်
ဖြစ်နေတယ်ခင်ဗျ
အဟက်...
သူဌေးဆိုတာတော့ထည့်မပြောတော့ပါဘူးနော
ကောင်မလေးကျကျန်ခဲ့တဲ့ ( တမင်ချချန်ခဲ့တာလဲ
ဖြစ်ချင်ဖြစ်မှာပေါ့ ) အရာနှစ်ခု အနက်က
ဓာတ်ပုံလေးကတော့ အခန်းရှင်းရင်းပါသွားပြီ
ကျွန်တော့်ဆီမှာ သိမ်းထားနိုင်တာဆိုလို့
သူကိုယ်သင်းနံ့လေးပဲရှိတော့တယ်
အခုနေပြန်တွေ့ခဲ့ရင် ပြန်ပေးဖြစ်မလား ဘာလား
ကျွန်တော်လည်း မသေချာဘူးရယ်
Chocobo
No comments:
Post a Comment